လျှပ်စစ်စွမ်းအင်သုံးယာဉ်(Electric Vehicle-EV)များနှင့် နေပြည်တော်ရည်မှန်းချက်
နေပြည်တော်ကို စိမ်းလန်းစိုပြေပြီး Green City၊ Smart City ဖြစ်စေရေးအတွက် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လုပ်မှု မရှိတဲ့ လျှပ်စစ်စွမ်းအင်သုံးယာဉ် (Electric Vehicle-EV) များနဲ့ အစားထိုး အသုံးပြုနိုင်ဖို့ စီမံဆောင်ရွက်လျက်ရှိတယ်လို့ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းကပြောကြားလိုက်ပါတယ်။
EVတွေကို တွင်ကျယ်စွာအသုံးပြုလာနိုင်ရေးနဲ့ လာရောက်ရင်းနှီးမြှုပ်နှံမယ့်လုပ်ငန်းရှင်တွေကို အခွန်များလျှော့ပေါ့ပေးခြင်း စတဲ့ဆွဲဆောင်မှုများနဲ့ ဆောင်ရွက်နိုင်ရေးတင်ပြဆောင်ရွက်သွားမှာဖြစ်ပြီး လျှပ်စစ်စွမ်းအင်သုံးယာဉ်တွေဟာ ကနဦးရင်းနှီးမြှုပ်နှံမှုများပြားသော်လည်း ရုပ်ကြွင်းလောင်စာသုံးယာဉ်များရဲ့ နှစ်အလိုက်ကုန်ကျမှုများနဲ့နှိုင်းယှဉ်မယ်ဆိုရင် တွက်ခြေကိုက်မှုရှိကြောင်း လေ့လာသိရှိရတယ်လို့ ပြည်ထောင်စုဝန်ကြီးကဆိုပါတယ်။

ပြည်တွင်း၊ ပြည်ပကုမ္ပဏီတွေအနေနဲ့ EVနဲ့ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားမယ်ဆိုရင် စက်မှုဝန်ကြီးဌာနအနေနဲ့ လိုအပ်တဲ့ပံ့ပိုးမှုများကို မူဝါဒ၊လုပ်ထုံး လုပ်နည်းများနဲ့အညီ ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းလည်း စက်မှုဝန်ကြီးဌာနမှပြောဆိုထားပေမယ့် အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ထားတာမရှိသေးပါဘူး။
နေပြည်တော်ကို မြို့ပတ်ရထားလမ်းတွေ၊ မြေအောက်ရထားလမ်းတွေနဲ့ ဖွံဖြိုးတိုးတက်အောင်ဆောင်ရွက်ရမယ်လို့ တာဝန်ရှိသူတွေကို နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းလိုက်ပြီး နေပြည်တော်ဘူတာကြီးကို တစ်နိုင်ငံလုံးရဲ့ ဗဟိုချက်ဖြစ်အောင်ဆောင်ရွက်ရန် လိုအပ်၍ လေကြောင်းပိုဆောင်ရေးစနစ်များကိုလည်း နေပြည်တော်ကိုဗဟိုပြုဆောင်ရွက်နိုင်ရမယ်လို့ သြဂုတ်လ၁၇ရက်ကပြုလုပ်တဲ့ နေပြည်တော်မြို့တော်ဖွံဖြိုးတိုးတက်ရေးအစည်းအဝေးမှာ နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီဥက္ကဌက ပြောကြားထားပါတယ်။ ထို့အပြင် နေပြည်တော်ကို စံပြအဖြစ်ဆောင်ရွက်ကာ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေဖွံဖြိုးတိုးတက်ရေး ဆက်လက်ဆောင်ရွက်ရမယ်လို့ ပြောဆိုခဲ့သလို နေပြည်တော်အတွင်း လျှပ်စစ်ဘတ်စ်ကားနဲ့ လျှပ်စစ်ကားများ ပြေးဆွဲနိုင်ရေးဆောင်ရွက်ကာ ထိုမှတစ်ဆင့် တစ်နိုင်ငံလုံးအသုံးပြုနိုင်တဲ့အထိ ထည့်သွင်းစဉ်းစားဖို့လည်း ပြောကြားထားခဲ့ပါတယ်။
လက်ရှိတွင် မြန်မာနိုင်ငံ၌စက်သုံးဆီအသုံးပြုတဲ့မော်တော်ယာဉ်များကိုသာ အသုံးပြုနေကြတာဖြစ်ပြီး လျှပ်စစ်အသုံးပြုကားများအားဝယ်ယူရန် စိတ်ဝင်စားမှုများရှိသော်လည်း မြန်မာနိုင်ငံအနေအထားဖြင့် လျှပ်စစ်လိုအပ်ချက်ရှိခြင်း၊ အပိုပစ္စည်းရှားပါးသေးခြင်း စတဲ့လိုအပ်ချက်များကြောင့် လျှပ်စစ်ကားအသုံးပြုသူမှာမြန်မာနိုင်ငံတွင်များများစားစားမရှိသေးကြောင်း၊ နောက်ပိုင်းတွင်လည်း ဝယ်ယူသူများက hybrid (စက်သုံးဆီတဝက်၊ လျှပ်စစ်ဘက်ထရီတဝက်အသုံးပြုတဲ့) အမျိုးအစားများကို ပိုမိုစိတ်ဝင်စားလာတဲ့အခြေအနေများရှိကြောင်းလည်း ကားဝယ်၊ရောင်းအသိုင်းဝိုင်းမှသိရှိရ ပါတယ်။
နေပြည်တော်ဟာ၂၀၀၆ခုနှစ် ဖေဖော်ဝါရီလ ၁၇ရက် မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်လို့ အခုဆိုရင် ၁၅နှစ်နဲ့ ၆လရှိသွားပြီဖြစ်ကာ လူဦးရေသန်း၂၀အထိ နေထိုင်နိုင်ဖို့ရည်ရွယ်တည်ဆောက်ထားတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။

