> 首页 > MFN

တစ်နိုင်ငံလုံးကျွမ်းကျင်လုပ်သားအဖြစ်အသိအမှတ်ပြုလက်မှတ်ရသူ၁၆၀၀၀ကျော်သာရှိ

အလုပ်သမားဝန်ကြီးဌာနရဲ့ လုပ်သားအင်အားစစ်တမ်းအရ မြန်မာနိုင်ငံမှာလုပ်သားအင်အား ၂၂သန်းကျော် အထက်မှာ ရှိနေတာပါ။ ဒါပေမဲ့ တစ်နိုင်ငံလုံး အတိုင်းအတာအရ အထည်ချုပ်၊ Assessor၊ Inspector၊ Welding၊ Electrical Installation၊ Automotive Technology၊ Restaurant Service၊ Refrigeration & Air-Conditioning၊ Cooking စတဲ့လုပ်ငန်းအမျိုးအစားပေါင်း ၃၀မှ ကျွမ်းကျင်လုပ်သားအဖြစ် အတည်ပြုနိုင်သူဦးရေက ၂၀၂၁ခုနှစ် ဇန်နဝါရီလအထိ ၁၆,၅၁၉ဦးသာရှိပါသေးတယ်။

လက်ရှိအချိန်မှာ ပြည်တွင်းနိုင်ငံရေးအခြေအနေနဲ့ ကိုဗစ်ကူးစက်မှုတွေကြောင့် ကျွမ်းကျင်လုပ်သားသင်တန်းကျောင်းတွေ၊ စစ်ဆေးရေးတွေနဲ့ အသိအမှတ် လက်မှတ်ထုတ်ပေးဖို့ကို ဆိုင်းငံ့ထားရတဲ့အခြေအနေမှာရှိခဲ့တာပါ။ ဒီလုပ်ငန်းစဉ်တွေ ပြန်လည်စတင်နိုင်ဖို့ စက်တင်ဘာ၁ရက်မှာ စက်မှုဝန်ကြီးဌာနကအစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။

ယင်းအစည်းအဝေးမှာ နေပြည်တော်ကောင်စီနယ်မြေမှာရှိတဲ့ စက်မှုလုပ်ငန်းအကြီး၊ အလတ်၊ အငယ်စုစုပေါင်း (၆၆၈)ခုက လုပ်သားတွေကို စက်မှုကျွမ်းကျင် လုပ်သားတွေအဖြစ် မွေးထုတ်ပေးနိုင်ဖို့နဲ့ လက်ရှိ ဒက္ခိဏသီရိစက်မှုဇုန်အတွင်းမှာရှိတဲ့ လုပ်သားတွေကို အလုပ်အကိုင်ကျွမ်းကျင်မှု‘စံ'သတ်မှတ်ခြင်း နှင့် အသိအမှတ်ပြုလက်မှတ်တွေထုတ်ပေးနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းကပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် စက်မှုသင်တန်းကျောင်းတွေမှာလည်း တစ်နှစ်သင်တန်းများဖွင့်လှစ်သင်ကြားပေးပြီး လုပ်ငန်းခွင်ဝင်နိုင်အောင်စီစဉ်နေကြောင်း၊ NSSA Level အလိုက် ဝင်ရောက်ဖြေဆိုခွင့်ရရန်အတွက် လမ်းကြောင်းများဖန်တီးပေးထားကြောင်း၊ စက်မှုဇုန်လုပ်ငန်းခွင်မှ ကျွမ်းကျင်လုပ်သားများအတွက်ပါ Lifelong  Learning အခွင့်အလမ်းရရှိစေမယ့် နည်းလမ်းများကိုပါ စက်တင်ဘာ၁ရက်အစည်းအဝေးမှာဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့National Skills Standards Authorityကိုဖွဲ့စည်းပြီး ကျွမ်းကျင်လုပ်သားများမွေးထုတ်ခြင်းနဲ့ နိုင်ငံအဆင့်အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းကို၂၀၁၄ခုနှစ်ကစတင်ခဲ့တာပါ။ သို့ပေမယ့် ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ရဖို့ သင်တန်းရက်ရှည်တက်ရောက်ရတာမို့ လုပ်ခလစာအခက်ခဲ နဲ့ လုပ်ငန်းမှခွင့်ရက်ရှည်မရရှိနိုင်တဲ့အခြေအနေတွေကြောင့် ကျွမ်းကျင်လုပ်သားများစွာရှိနေပေမယ့် နိုင်ငံအဆင့်အသိအမှတ်ပြုလက်မှတ်ကိုတော့ လူဦးရေအနည်းငယ် သာရရှိကြတာပါ။

ကျွမ်းကျင်မှုလက်မှတ်ကို လက်ရှိအချိန်ထိလုပ်ငန်းခွင် အမှန်တကယ်ဝင်ရောက်နေတဲ့ လုပ်သားတွေထက် အလုပ်အကိုင်သင်တန်းကျောင်း တက်ရောက်နေသူ တွေကရနိုင်ဖို့ အခွင့်အရေးပိုများပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: