အတိုးမဲ့ကိုဗစ်ချေးငွေများပြန်လည်တောင်းခံဖို့နိုင်ငံ့ဝန်ထမ်းများသိန်းချီရှိ
ကိုဗစ်ကပ်ရောဂါသက်ရောက်မှုအပေါ် ကုစားနိုင်ဖို့ နိုင်ငံဝန်ထမ်းတွေကို လစာ(၂)လစာအတိုးမဲ့ချေးငွေအဖြစ် ထုတ်ချေးခံစားခွင့်ပြုခဲ့ပါတယ်။ ဒီချေးငွေကို ကုန်ခဲ့တဲ့ ၂၀၂၀ခုနှစ်အောက်တိုဘာလကစပြီး နိုင်ငံဝန်ထမ်း(အမြဲတမ်း)တွေကိုထုတ်ချေးပေးခဲ့တာပါ။
ချေးငွေပြန်ပေးဆပ်ရမယ့်ကာလကိုလည်း ဝန်ထမ်းတွေအတွက်သက်သာချောင်ချိရေးကိုရှေးရှုပြီး ချေးငွေရယူပြီး ခြောက်လအထိပေးဆပ်ရန်မလိုဘဲ ခြောက်လပြည့်ပြီးမှသာ ချေးငွေကိုတစ်နှစ်အတွင်း အချိုးကျပြန်လည်ပေးဆပ်ဖို့ သတ်မှတ်ပေးခဲ့ပါတယ်။ အခုအဲဒီချေးငွေတွေကို ပြန်ပေးဆပ်ကြဖို့ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနက သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ချေးယူထားတဲ့ဝန်ထမ်းတွေဆီက တောင်းခံလာတာပါ။ တောင်းခံစာအရလည်း အတိုးမဲ့ချေးထားတဲ့ချေးငွေ (၂)လစာကို ၂၀၂၁ခုနှစ်အောက်တိုဘာလမှစပြီး တောင်းခံဆောင်ရွက်ဖို့ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီးလည်း ပြီးခဲ့တဲ့ဧပြီ၊ မေစတဲ့လတွေက ရည်ညွှန်းချက်(၁)၊(၂)၊(၃)အစရှိတဲ့ထုတ်ပြန်လွှာတွေနဲ့ တောင်းခံခဲ့ပြီးဖြစ်သလို ယခုအကြိမ်နဲ့ဆိုရင် ချေးငွေပြန်လည်တောင်းခံတာ ၄ကြိမ်မြောက်ဖြစ်ပါတယ်။ ချေးငွေရယူထားတဲ့ဝန်ထမ်းတွေဟာလည်း ထမ်းဆောင်တဲ့ရာထူးအလိုက် လစာငွေကျပ်တစ်လလျှင် ၁၅၄,၀၀၀ကျပ်မှ ၅၅၀,၀၀၀ကျပ်အထိ ခံစားခွင့်ရရှိနေသူတွေဖြစ်ပြီး ရာထူးအလိုက်ချေးငွေရရှိမှုကွာခြားပါတယ်။
၂၀၁၉ခုနှစ်မတ်လ၃၁ရက်အထိ မြန်မာနိုင်ငံမှာပြည်ထောင်စုအစိုးရအဆင့်အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနတွေမှ ခန့်အပ်ခဲ့တဲ့အမြဲတမ်းဝန်ထမ်း တစ်သန်းကျော် ရှိတာမို့ အဆိုပါချေးငွေထုတ်ချေးသူက ဝန်ထမ်းသိန်းချီရှိနိုင်ပါတယ်။ ကိုဗစ်ကပ်ရောဂါ သက်ရောက်မှုအပေါ် ကုစားနိုင်ဖို့ချေးငွေတွေကို နိုင်ငံဝန်ထမ်းတွေ အပြင်စီးပွားရေးလုပ်ငန်းရှင်တွေကိုပါ ထုတ်ချေးခဲ့တာပါ။ လက်ရှိတော့ ကိုဗစ်ချေးငွေတွေကို နိုင်ငံဝန်ထမ်းတွေလိုပဲ စီးပွားရေးလုပ်ငန်းရှင်တွေကိုလည်း ပြန်လည် တောင်းခံနေပြီး ဩဂုတ်လကုန်ပိုင်းကစပြီး ချေးငွေသက်တမ်း၁နှစ်နဲ့၆လပြည့်တဲ့လုပ်ငန်းရှင်တွေအနေနဲ့လည်း ချေးငွေတွေကို အတိုးရောအရင်းပါ တစ်လုံးတည်း အကျေပြန်ဆပ်ဖို့ တောင်းခံထားပါတယ်။
