နိုင်ငံပိုင်လေကြောင်းလိုင်းအစုရှယ်ယာထုတ်ရောင်းဖို့စီမံလာ
ကိုဗစ်ကြောင့် စီးပွားရေးထိခိုက်မှုဒဏ်ကို အများဆုံးခံနေရတဲ့လုပ်ငန်းတွေထဲမှာ လေကြောင်းလိုင်းတွေလည်း ပါဝင်ပါတယ်။ လေကြောင်းလိုင်းတွေက ရင်းနှီးမြုပ်နှံမှုကြီးလေ ဆုံးရှုံးမှုများလေဖြစ်တယ်။
မြန်မာ့လေကြောင်းလိုင်းတွေမှာဆိုရင်လည်း ယခင်ကာလတွေက လေကြောင်းလိုင်း၁၀လိုင်းလောက်ရှိခဲ့ပေမယ့် ကိုဗစ်မတိုင်ခင်ကတည်းက အရှုံးပေါ်လို့ ရပ်ဆိုင်းသွားရတာမို့ လေကြောင်းလိုင်း၆လိုင်းသာကျန်ရှိတော့တာပါ။ အခုကိုဗစ်ကာလမှာတော့ ပြည်ပကိုပျံသန်းနိုင်တဲ့လေကြောင်းလိုင်းက မြန်မာအမျိုးသားလေကြောင်းလိုင်းနဲ့ အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း ၂ခုသာရှိပြီး ကျန်လေကြောင်းလိုင်းတွေကတော့ ပြည်တွင်းမှာသာပြေးဆွဲနိုင်တော့ပါတယ်။ ဒါကြောင့် မြန်မာ့လေကြောင်းလိုင်းတွေရဲ့ ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးက စိတ်ပူစရာဖြစ်လာပါတယ်။
မြန်မာ့လေကြောင်းလိုင်းတွေထဲမှာ မြန်မာ့အမျိုးသားလေကြောင်းလိုင်းက တစ်ခုတည်းသော နိုင်ငံတော်ပိုင်လေကြောင်းလိုင်းဖြစ်ပြီး သက်တမ်းအရ ၇၃နှစ်ရှိပါပြီ။ ကိုဗစ်ကာလမတိုင်မှီက မြန်မာအမျိုးသားလေကြောင်းလိုင်းဟာ ခရီးသည်နဲ့ဝင်ငွေ အကောင်းဆုံးအဆင့် ရရှိတဲ့လေကြောင်းလိုင်းဖြစ်တာမို့ ၂၀၁၃ခုနှစ်ကစပြီးနိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှ ခွဲထွက်ရပ်တည်နိုင်ခဲ့ပါတယ်။ သို့သော် ကိုဗစ်ကာလမှာတော့ ဝင်ငွေ ၈၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြီး အသုံးစရိတ်လျော့ချတာ၊ဝန်ထမ်းအင်အားလျော့ချတာတွေနဲ့ ထိန်းညှိနေရကာ ဝင်ငွေ ၅၃ရာခိုင်နှုန်းခန့်နဲ့ အရှုံးကြီးမားနေတယ်လို့ နိုင်ငံပိုင်သတင်းစာတွေကဖော်ပြလာပါတယ်။
လေယာဉ်ငှားရမ်းခပေးချေစရိတ်နဲ့ ဝန်ထမ်းလစာစရိတ်တွေက ကြီးမားတဲ့အသုံးစရိတ်တွေဖြစ်တာမို့ လေကြောင်းလိုင်းကို လေယာဉ်၁၀စင်းအထိ လျှော့ချပြီး ဝန်ထမ်းအင်အားကိုပါ အချိုးကျလျှော့ချအသုံးပြုလာရတဲ့အခြေအနေလို့ သိရပါတယ်။ ဆက်လက်ရပ်တည်နိုင်ရေးအတွက်လည်း ကယ်ဆယ်ရေးခရီးစဉ်တွေ၊ ကုန်တင်နှင့်စင်းလုံးငှားခရီးစဉ်တွေ ကြိုးပမ်းရှာဖွေပြေးဆွဲနေရပြီး ဝင်ငွေရှာနေရတယ်လို့ဆိုပါတယ်။ ငွေကြေးအခက်ခဲကို နိုင်ငံတော်ချေးငွေရယူနိုင်ဖို့ ဆောင်ရွက်နေသလို အစုရှယ်ယာများထုတ်ရောင်းနိုင်ဖို့စီမံနေတယ်လို့ နိုင်ငံပိုင်းသတင်းစာရဲ့ဖော်ပြချက်အရ သိရပါတယ်။ ဘယ်လိုပုံစံနဲ့ထုတ်ရောင်းမယ်ဆိုတာတော့ မဖော်ပြထားပါဘူး။
ကိုဗစ်ဖြစ်လို့ မြန်မာနိုင်ငံမှာပြည်ပခရီးသည်တင်လေကြောင်းခရီးစဉ်တွေ ရပ်တန့်ခဲ့ရတာ တစ်နှစ်ခွဲခန့်ရှိလာပါပြီ။ ဒါကြောင့် အရှုံးပေါ်တဲ့ဖြစ်ရပ်ဟာ နိုင်ငံပိုင် လေကြောင်းလိုင်းမှာသာမက မြန်မာနိုင်ငံရှိလေကြောင်းလိုင်းအားလုံးမှာ ဖြစ်နေတာပါ။ တစ်ဖက်မှာလည်း ကိုဗစ်လှိုင်းကရပ်တန့်သွားနိုင်မယ့် အခြေအနေမှာမရှိသေးသလို ပုံမှန်အခြေအနေကို အစောဆုံး၂၀၂၃ခုနှစ်လောက်မှာသာရောက်ရှိနိုင်မယ်လို့ ခန့်မှန်းမှုတွေရှိနေပါတယ်။
လက်ရှိ ကမ္ဘာ့အင်အားကြီးလေကြောင်းလိုင်းတွေတောင် ပြိုလဲမှုတွေရှိလာတဲ့ အခြေအနေမှာ ပမာဏသေးငယ်တဲ့ မြန်မာ့လေကြောင်းလိုင်းတွေ ဆက်လက် ရှင်သန်ရပ်တည်ရေးက စိုးရိမ်ဖွယ်ရာဖြစ်လာတာပါ။