> 首页 > MFN

WHOကလည်းဆေးလိပ်နှင့်ကိုဗစ်-၁၉ခေါင်းစဉ်နဲ့သတိပေးချက်ထုတ်ပြန်

မြန်မာနိုင်ငံမှာ စက်တင်ဘာ၁၄ရက်နေ့အထိ ကိုဗစ်ဓါတ်ခွဲအတည်ပြုလူနာပေါင်း ၄၃၆,၅၂၇ဦး ရှိပါပြီ။ ကိုဗစ်ကူးစက်သူတွေထဲမှာလည်း ဆေးလိပ်သောက်သုံးသူက မသောက်သုံးသူထက် ရောဂါလက္ခဏာ၅၀ရာခိုင်နှုန်းအထိ ပိုပြီး ပြင်းပြင်းထန်ထန်ခံစားရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကဆိုလာပါတယ်။ ဒါ့အပြင် ဆေးရုံတက်ရောက်ရမှု၊ အထူးကြပ်မတ်ကုသဆောင်ထဲရောက်ရှိနိုင်မှုလည်းများသလို အသက်ရှုအားကူစက်တွေတင်ရတဲ့အရေအတွက်လည်းများပြီး သေဆုံးမှုလည်း များတယ်လို့ သိရပါတယ်။ ဒါကြောင့်ဆေးလိပ်သောက်သုံးမှုလျော့ချဖို့နဲ့ မသောက်သုံးကြဖို့ သတိပေးတာတွေ ပြုလုပ်လာပါတယ်။

၂၀၁၆ခုနှစ်မှာ WHOက ကောက်ခံထားတဲ့ Global Youth Tobacco Survey အရလည်း မြန်မာနိုင်ငံမှာဆေးလိပ်နဲ့ ဆေးရွက်ကြီးကြောင့် သေဆုံးမှုပေါင်းက ပျမ်းမျှလူဦးရေ ၄၃၀၀၀၀ရှိတယ်လို့ တွက်ချက်ထားပါတယ်။ မကူးစက်နိုင်တဲ့ သွေးတိုး၊ နှလုံး၊ ဆီးချို၊ ကင်ဆာစတဲ့ ရောဂါတွေဖြစ်ပွားမှုရဲ့ ၆၈ရာခိုင်နှုန်း လောက်ကလည်း အထူးသဖြင့် ဆေးလိပ်သောက်သုံးတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ၂၀၁၄ခုနှစ်ကပြုလုပ်တဲ့ STEPS Survey အရ အမျိုးသားများ ဆေးလိပ်သောက်သုံးမှုက ၄၃ဒသမ၈ရာခိုင်နှုန်း နဲ့ အမျိုးသမီးတွေက  ၈ဒသမ၄ရာခိုင်နှုန်းမှာရှိပါတယ်။ ကွမ်းစားတာ၊ ဆေးရွက်ကြီးငုံတာက အမျိုးသားတွေမှာ ၆၂ဒသမ၂ရာခိုင်နှုန်းရှိပြီး အမျိုးသမီးတွေမှာတော့ ၂၄ဒသမ၁ရာခိုင်နှုန်း ရှိပါတယ်။ ဒါ့အပြင် ကျောင်းသား/ ကျောင်းသူ ၁၀ယောက်မှာ၃ယောက်က ဆေးလိပ်အန္တရာယ်ကိုရင်ဆိုင်နေရပါတယ်။

ကိုဗစ်ကာလ ၂၀၂၁ခုနှစ် မေ၂၇ရက်ကစပြီး ၃လအတွင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့လေ့လာချက်တွေအရ ကိုဗစ်ကြောင့်သေဆုံးသူတွေမှာ လူလတ်ပိုင်းတွေ ပိုများတယ်လို့ဆိုပါတယ်။ ဒါ့အပြင် သေဆုံးသူတွေရဲ့ ၈၀ရာခိုင်နှုန်းက နောက်ခံရောဂါမရှိတာကို တွေ့ရှိရပါတယ်။ ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတွေတုန်းက အသက်ကြီးသူတွေ သေဆုံးတာများပြီး သေဆုံးသူတွေရဲ့ ၈၀ရာခိုင်နှုန်းက နောက်ခံရောဂါရှိကြတာကို တွေ့ရှိရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ညွန်ကြားရေးမှုး ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။

“ကိုဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်းတွေရဲ့ ခြားနားချက်အရ အခုတတိယလှိုင်းမှာ နောက်ခံရောဂါမရှိသူတွေတောင် ဒယ်လ်တာဆိုတဲ့ဗီဇပြောင်းပိုး ကြောင့်သေဆုံးမှု၊ ရောဂါပြင်းထန်စွာဖြစ်ပွားမှု၊ ဆေးရုံတက်ရောက်ရမှုတွေများလာတာ ဖြစ်ပါတယ်။ ဒါကြောင့် အခုအချိန်မှာအတွေးမမှားစေချင်ဘူး။ ဆေးလိပ်ဖြတ်ဖို့ အချိန်အခါကောင်းဖြစ်ပြီဆိုတာ ပြောလိုပါတယ်”လို့ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။

ကိုဗစ်ဖြစ်ပွားတဲ့သူတွေမှာ ဆေးလိပ်ကဘယ်လောက်အထိ ထိခိုက်နိုင်တယ်ဆိုတာကို WHOကလည်းTobacco and Covid19ခေါင်းစဉ်နဲ့ သတိပေးချက်ကို စက်တင်ဘာ၃ရက်နေ့က ထုတ်ပြန်ထားပါတယ်။ မိသားစုတစ်ခုမှာ ဆေးလိပ်သောက်သုံးသူတစ်ဦးရှိမယ်ဆိုရင် ကျန်မိသားစုဝင်တွေက ဆေးလိပ်ကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲအန္တရာယ်ကို ဆင့်ပွားခံစားရနိုင်ပါတယ်။ ကိုဗစ်ကာလ stay home အနေများရတာမို့ စိတ်အပန်းဖြေဖို့ အကြောင်းပြချက်နဲ့ ဆေးလိပ်တွေ ပိုမိုသောက်သုံးမှုတွေ ရှိလာပါတယ်။ ဒါတွေကိုရှောင်ကြဉ်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးနေတာပါ။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: