လာမယ့်၃လအတွင်းရေနံထွက်ကုန်သန်းချီရောင်းချဖို့လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကြေညာလာ
မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းအနေနဲ့ ရေနံထွက်ကုန်ပစ္စည်းတွေကို တင်ဒါစနစ်နဲ့ ပြည်တွင်းက စက်သုံးဆီအသုံးပြုနေတဲ့လုပ်ငန်းရှင်တွေကို ရောင်းချဖို့ ကြေညာ လာပါတယ်။ ကြေညာချက်အရ ဓာတုဗေဒစက်ရုံစု (သံပရာကန်)က ရေနံထွက်ပစ္စည်းတွေကို တင်ဒါခေါ်ယူရောင်းချမှာဖြစ်တာမို့ စိတ်ပါဝင်စားသူတွေအနေနဲ့ မြန်မာ့ ရေနံဓာတုဗေဒလုပ်ငန်း ရုံးမှတ်၄၄၊နေပြည်တော်မှာ အဆိုပြုလွှာတင်သွင်းဖို့ ဖိတ်ခေါ်ထားတာပါ။
ရေနံထွက်ကုန် အမျိုးအစား၂ခုဖြစ်တဲ့ ဓာတ်ဆီနဲ့စီဂျီအို ဂါလန်သန်းချီကို ရောင်းချသွားမှာဖြစ်ပြီး လာမယ့်အောက်တိုဘာ၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေအထိ ၃လတာအတွင်း ခွဲဝေရောင်းချပေးသွားမယ်လို့ သိရပါတယ်။ စုစုပေါင်းရောင်းချမဲ့ပမာဏကတော့ ဓာတ်ဆီဂါလန်ပေါင်း ၈သန်းဖြစ်ပြီး စီဂျီအိုက ဂါလန်၂သန်း ဖြစ်ပါတယ်။ ပထမဦးဆုံးရောင်းချမှုကို လာမယ့်အောက်တိုဘာ ၁၈ရက်နေ့မှာ စတင်မှာဖြစ်ပြီး ဓာတ်ဆီဂါလန်၂သန်းနဲ့ စီဂျီအိုဂါလန်၅သိန်းတို့ကို ရောင်းချမယ်လို့ သိရပါ တယ်။ ထပ်မံပြီး နိုဝင်ဘာ၁၁ရက်၊ နိုဝင်ဘာ၃၀ရက်နဲ့ ဒီဇင်ဘာ၂၁ရက်တွေမှာလည်း အဆိုပါနှုန်းထားတွေအတိုင်း ခွဲဝေရောင်းချပေးသွားမယ်လို့ မြန်မာ့ရေနံဓာတုဗေဒ လုပ်ငန်းရဲ့ တင်ဒါကြေညာချက်မှာ ဖော်ပြထားတာပါ။
ဝယ်ယူလိုတဲ့ စက်သုံးဆီ အရောင်းဆိုင်တွေ၊ စက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးနေတဲ့ကုမ္ပဏီတွေ၊ ရေယာဉ်လုပ်ငန်းရှင်တွေ၊ လမ်းတံတားလုပ်ငန်းတွေ၊ တည်ဆောက်ရေးလုပ်ငန်းတွေ၊ ပို့ဆောင်ရေးလုပ်ငန်းတွေ၊ စက်ရုံ/အလုပ်ရုံတွေ၊ သတ္တုတွင်းလုပ်ငန်းတွေ၊ စက်သုံးဆီအသုံးပြုပြီး လုပ်ငန်းဆောင်ရွက်နေတဲ့ လုပ်ငန်းရှင်တွေ၊ စီဂျီအိုအသုံးပြုပြီး မီးထိုးဆောင်ရွက်နေတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ လျှောက်ထားနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ သာကြီးတောင်-စပယ်ရေနံမြေ၊ ကျောက်ခွက်-လက်ပံတို-အရာတော်ရေနံမြေ၊ ချောက်-လမ်းရွာရေနံမြေ၊ ရေနံချောင်းရေနံမြေ၊ မန်းရေနံမြေ၊ ထန်းကိုင်းဒေသကြီးရေနံမြေ၊ ထောက်ရှာပင်-ကမ်းနီရေနံမြေ၊ ပြည်ရေနံမြေ၊ မြန်အောင်-ရွှေပြည်သာရေနံမြေ၊ အဖျောက်ရေနံနှင့်သဘာဝဓာတ်ငွေ့မြေ၊ ညောင်တုန်းရေနံနှင့် သဘာဝဓာတ်ငွေ့မြေစတဲ့ ရေနံမြေတွေရှိပါတယ်။ ဒီရေနံမြေတွေကနေ နှစ်စဉ်ရေနံထွက်ကုန်ပစ္စည်းမျိုးစုံကို အစိုးရထုတ်လုပ်မှုအပြင် ပုဂ္ဂလိက၊ နိုင်ငံခြားရင်းနှီးမြုပ်နှံ သူတွေနဲ့ပါ ပူးပေါင်းထုတ်လုပ်နေတာပါ။ ဒါကြောင့် မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းဟာ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းတွေထဲမှာ ဝင်ငွေခွန် အများဆုံးပေးဆောင်ထားနိုင်တဲ့လုပ်ငန်း ဖြစ်ပါတယ်။

