ပြည်တွင်းရင်းနှီးမြုပ်နှံမှုစီးပွားရေးအခြေအနေနှင့် မြန်မာ့နိုင်ငံရေးအကြောင်းတို့ကိုဆွေးနွေးလာတဲ့ဥရောပနိုင်ငံတစ်ခု
မြန်မာနိုင်ငံတွင် ပြင်သစ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ပြည်ပရင်းနှီးမြှုပ်နှံမှု နိုင်ငံအားလုံးထဲတွင်၁၃ခုမြောက် နိုင်ငံဖြစ်အဖြစ်နဲ့ ရပ်တည်နေပါတယ်။ လက်ရှိ လုပ်ငန်းပေါင်း ၂၄ ခုတွင် အမေရိကန်ဒေါ်လာသန်း (၅၅၀.၈၆)သန်း ရင်းနှီးမြှုပ်နှံထားတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ကုန်လွန်ခဲ့တဲ့ ဇန်နဝါရီလကုန်အထိ ထုတ်ပြန်ထားတဲ့စာရင်းတွေအရ သိရှိရပါတယ်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုများအနက် မြန်မာနိုင်ငံတွင် ၁၉၉၂ခုနှစ်ကတည်းက ဝင်ရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခဲ့တဲ့ ပြင်သစ်ရေနံကုမ္ပဏီကြီးTotal ကုမ္ပဏီလည်း ပါဝင်ပါတယ်။ ပြင်သစ်ရေနံကုမ္ပဏီကြီး Total ဟာ နိုင်ငံပိုင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အပါအဝင် အမေရိကန်ရေနံကုမ္ပဏီ Chevron၊ ထိုင်းနိုင်ငံ PTTEP ကုမ္ပဏီတို့နှင့် ပူးပေါင်း၍ မုတ္တမကမ်းလွန်ရှိ ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့စီမံကိန်းမှ သဘာဝဓာတ်ငွေ့များ တင်ပို့ရောင်းချရန် ထူထောင် ထားသည့် မုတ္တမသဘာဝဓာတ်ငွေ့ ပို့ဆောင်ရေးကုမ္ပဏီ (Moattama Gas Transportation Company-MGTC) တွင်လည်း ရှယ်ယာ ၃၀ရာခိုင်နှုန်းကျော်ဖြင့် အများဆုံးရှယ်ယာ ထည့်ဝင်ထားပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ အပြောင်းအလဲဖြစ်စဉ် နောက်ပိုင်း ၈လနီးပါးအကြာ၌ ပထမဦးဆုံး မျက်နှာစုံညီဆွေးနွေးပွဲတစ်ရပ်ကို ပြီးခဲ့တဲ့ရက်ပိုင်း ကမြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံအမတ်ကြီး ဦးဆောင်ကာ ပြင်သစ်ကုမ္ပဏီ (၄၀) ကျော်မှ ကိုယ်စားလှယ်များနှင့် ပြုလုပ်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံရုံးမှ ထုတ်ပြန်လိုက်ပါတယ်။
ဆွေးနွေးမှုအကြောင်းအရာကိုတော့ မြန်မာပြည်နိုင်ငံရေးနှင့်စီးပွားရေး အခြေအနေများအကြောင်းလို့သာ ပြင်သစ်သံရုံးက ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပြီး၊ ၂၀၂၁-၂၀၂၂နှစ်အတွက် မက်ခရိုစီးပွားရေးနှင့် ကုန်သွယ်ရေးအလားအလာ၊ ကျန်းမာရေးနှင့် လုံခြုံရေးကန့်သတ်ချက်များနှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ ချမှတ်ခဲ့သည့် ပိတ်ဆို့အရေးယူမှုများ အကောင်အထည် ဖော်ဆောင်နေမှုအပေါ် ဆွေးနွေးရန် အခွင့်အရေးတစ်ခု ဖြစ်ခဲ့တယ်လို့လည်း ပြင်သစ်သံရုံးက ပြောဆိုထားပါတယ်။
ဒါဟာ သံရုံးနှင့်ပြင်သစ်ကုမ္ပဏီတွေအကြား ပထမဦးဆုံး မျက်နှာစုံညီ ဆွေးနွေးမှုဖြစ်ပြီး ဗီဒီယိုကွန်ဖရင့် ဆွေးနွေးပွဲတွင် အာဆီယံနှင့်စီးပွားရေး ဆက်ဆံရေး အတွက် နိုင်ငံခြားရေးဝန်ကြီး၏ အထူးကိုယ်စားလှယ်လည်းဖြစ်၊ ပြင်သစ်-မြန်မာစီးပွားရေးကောင်စီဥက္ကဋ္ဌလည်းဖြစ်တဲ့ François Corbin က ဦးဆောင်ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံအမတ်ကြီး Christian Lechervy နှင့် စီးပွားရေးသံမှုး Michel Cywinski ၊ ပြင်သစ်စီးပွားရေးလုပ်ငန်းရှင်များ အသင်း (Medef International) နှင့်ပြင်သစ်ကုမ္ပဏီ (၄၀)ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့တယ်လို့ သိရှိရပါတယ်။
