> 首页 > MFN

နိုင်ငံ့ Key Workers များအထဲပါဝင်လာတဲ့ မြန်မာသင်္ဘောသားများ

ကိုဗစ်-၁၉ရဲ့ရိုက်ခက်မှုက သင်္ဘောလုပ်ငန်းတစ်ခုလုံးအပေါ် သက်ရောက်မှုများစွာ ဖြစ်ပေါ်ခဲ့ပြီး အထူးသဖြင့် လေကြောင်းခရီးစဉ်တွေ ရပ်နားလိုက်ခြင်းကြောင့် သင်္ဘောသားများရဲ့ သင်္ဘောအတက်/ အဆင်းပြုလုပ်ခြင်း (Crew Change) ခရီးစဉ်တွေမှာ များစွာအခက်တွေ့ခဲ့ရပါတယ်။ မြန်မာသင်္ဘောသားများရဲ့ ကိုဗစ်နောက်ဆက်တွဲ ဒဏ်တွေဖြစ်တဲ့ သင်္ဘောပေါ်မှာ စားနပ်ရိက္ခာပြတ်လပ်ခြင်း၊ လစာမရဘဲ သင်္ဘောတွင် ဆက်လက်လုပ်ကိုင်နေရခြင်း၊ စာချုပ်ပြည့်သော်လည်း အိမ်ပြန်ခရီး စီမံမပေးခြင်း စတဲ့ကိစ္စများ အများဆုံးကြုံတွေ့ကြရတယ်လို့လည်း လွတ်လပ်သော မြန်မာနိုင်ငံ ပင်လယ်ပျော်များအဖွဲ့ချုပ် (IFOMS) ထံက သိရှိရပါတယ်။

IFOMSရဲ့စာရင်းတွေအရ ၂၀၂၀ခုနှစ် ဇန်နဝါရီလကနေ ဇွန်လ၃၀ထိ သင်္ဘောသားတွေရဲ့ နစ်နာမှုနဲ့ ပတ်သက်လို့ အဖွဲ့ချုပ်ကို တိုင်ကြားတဲ့ အမှုပေါင်း၃၇မှု ရှိခဲ့ပြီး ဖြေရှင်းပြီးတဲ့အမှုက၂၂မှုရှိခဲ့ကာ အဆိုပါနှစ်အတွင်း သင်္ဘောသားများကို နစ်နာကြေး အမေရိကန်ဒေါ်လာ နှစ်သိန်းသုံးသောင်းကျော်ရအောင် ကူညီပေးခဲ့တယ် လို့သိရှိရပါတယ်။ လက်ရှိမှာ နိုင်ငံအတွက် အရေးပါတဲ့လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ Key Workers အဖြစ် ကျန်းမာရေးဝန်ထမ်း၊ မီးသတ်ဝန်ထမ်း၊ ဈေးဝယ်စင်တာတွေ အပြင် ဆိပ်ကမ်းလုပ်သား၊ သင်္ဘောလုပ်ငန်းတွေကအရာရှိများ၊ ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို အရေးပါတဲ့လုပ်ငန်းတွေအဖြစ် သတ်မှတ်ထားတယ် လို့သိရှိရပါတယ်။

ယခုတွင် သင်္ဘောသားများအား အဓိကကျသောလုပ်သားများ (key workers)အဖြစ် သတ်မှတ်ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာကို ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်ပြီး၊ မြန်မာနိုင်ငံကုန်သည် သင်္ဘောအက်ဥပဒေပုဒ်မ ၂၉၄-ခပုဒ်မခွဲ(ခ)အရ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကိုကျင့်သုံးပြီး Key Worker အဖြစ် သတ်မှတ်ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာကို စက်တင်ဘာ(၁၇)ရက်စွဲနဲ့ ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါတယ်။

ကိုဗစ်-၁၉ကပ်ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ကမ္ဘာတစ်ဝှမ်း ကုန်စည်စီးဆင်းမှု ပြတ်တောက်မှုမရှိစေဖို့ ထောက်ပံ့ပို့ဆောင်ပေးလျက်ရှိတဲ့ နိုင်ငံတကာ သင်္ဘောများအပေါ်မှာ တာဝန်ထမ်းဆောင်နေသော ပင်လယ်ကူးသင်္ဘောသားများ လုံခြုံချောမွေ့စွာ ခရီးသွားလာပြီး သင်္ဘောအတက်/ အဆင်းပြုလုပ်ခြင်း (Crew Change)နဲ့ နေရပ်ပြန်ခြင်း (Repatriation)များကို လွယ်ကူစွာ ဆောင်ရွက်နိုင်ဖို့၊ သင်္ဘောသားများ ကိုင်ဆောင်ထားတဲ့ စာရွက်စာတမ်း အထောက်အထား များကို အသိအမှတ်ပြု လက်ခံဖို့အတွက် လိုအပ်တဲ့အကူအညီတွေကို နိုင်ငံတော်ကထောက်ပံ့ပေးနိုင်ဖို့ ယခုလိုသတ်မှတ်လိုက်ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။ ဒါ့အပြင် နိုင်ငံအလိုက် သတ်မှတ်ထားတဲ့ ခရီးသွားလာမှု ကန့်သတ်ချက်များမှ ကင်းလွတ်ခွင့်ပြုဖို့အတွက်နဲ့ နိုင်ငံတော်ရဲ့ ရေပိုက်နက်နဲ့ ဆိပ်ကမ်းများမှာ သင်္ဘောအတက်/ အဆင်းပြုလုပ်ခြင်းကို ခွင့်ပြုဖို့အတွက် ဖြည့်ဆည်းပေးနိုင်ဖို့ သတ်မှတ်ခြင်းလည်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ကိုဗစ်တတိယလှိုင်းမှာ မြန်မာ့သင်္ဘောသားတွေ ကူးစက်မှုနဲ့ သေဆုံးမှုတွေရှိခဲ့သလို တချို့မှာအလုပ်အကိုင် ပယ်ဖျက်ခံရတာတွေရှိခဲ့ပါတယ်။ နိုင်ငံတကာ သင်္ဘောလိုင်းကုမ္ပဏီတွေကလည်း ကာကွယ်ဆေးထိုးနှံပြီးသူကိုသာ ဦးစားပေးခေါ်ယူလာတဲ့အတွက် သင်္ဘောသားတွေဟာ အရေးပေါ်ကာကွယ်ဆေးထိုးနှံရမယ့် အခြေအနေဖြစ်လာတယ်လို့ သင်္ဘောသားအသိုင်းအဝိုင်းက ဆိုပါတယ်။ ဒီလိုအခက်ခဲဖြစ်နေတဲ့ သင်္ဘောသားတွေအတွက် စက်တင်ဘာ(၁)ရက်နေ့မှ စတင်၍ မြန်မာနိုင်ငံတရုတ်ကုန်သည်ကြီးများအသင်းနဲ့ မီးပြတိုက်လူမှုကူညီရေးအသင်းတို့ ပူးပေါင်းပြီး Sinopharm ကိုဗစ်ကာကွယ်ဆေးများကို မြန်မာ့သင်္ဘောသား ၅၀၀၀ဦးကို ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံပေးခဲ့သလို၊ ဆက်လက်ပြီးလည်း သင်္ဘောသားဦးရေ နှစ်သောင်းကို ကာကွယ်ဆေးထိုးနှံနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ မီးပြတိုက်လှုမှုကူညီရေးအသင်းက ဆိုထားပါတယ်။ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ သင်္ဘောသားတစ်သိန်းကျော်ရှိပြီး၊ လက်ရှိကာလမှာ သင်္ဘောလိုက်နေသူဦးရေ သုံးသောင်းနီးပါးမှာရှိကာ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူက နှစ်သောင်းကျော် ကျန်ရှိနေသေးတယ်လို့ သိရှိရပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: