> 首页 > MFN

အော်ဒါပြတ်လို့ CMP စက်ရုံတချို့ပိတ်သိမ်းမှုရှိလာ

CMPလုပ်ငန်းက လုပ်သားရာထောင်ချီ အသုံးပြုလုပ်ကိုင်ရတာမို့ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းအများဆုံးပေးထားနိုင်တဲ့ လုပ်ငန်းအမျိုးအစား ဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် လက်ခစားလုပ်ငန်း အမျိုးအစားဖြစ်တဲ့ CMPလုပ်ငန်းတွေဟာ အတော်လေးအထိနာခဲ့ရပြီး ယခင်ကာလတွေ ကတည်းက စက်ရုံပိတ်သိမ်းမှုတွေက ရာချီရှိခဲ့တာပါ။ အခုတော့ ဥရောပအဝတ်အထည်ဈေးကွက် ပြန်လည် စတင်လာပါပြီ။ သို့ပေမယ့် ပြည်တွင်းမှာရှိတဲ့ အထည်ချုပ်၊ အိတ်ချုပ်၊ဖိနပ် ချုပ်စတဲ့ လက်ခစား CMP စက်ရုံတွေမှာ တချို့ကတော့ အမှာအော်ဒါတွေ ပြန်ရတာရှိပြီး တချို့ကတော့ မရရှိတာကြောင့် ပိတ်သိမ်းတာတွေလည်း ရှိလာတယ်လို့အလုပ်သမားဝန်ကြီးဌာနက သိရပါတယ်။

CMPစက်ရုံတွေရဲ့ ပိတ်သိမ်းမှုက ကုန်ခဲ့တဲ့ဩဂုတ်နဲ့ အခုစက်တင်ဘာအတွင်းမှာတော့ ရန်ကုန်တိုင်းရှိ စက်မှုဇုန်တွေမှာ စက်ရုံ၁၀ရုံထက်မနည်း ရှိနေတယ် လို့၎င်းဌာနကဆိုပါတယ်။“ရင်းနှီးမြုပ်နှံမှုက အသစ်ဝင်တာလည်းရှိသလို တစ်ဖက်မှာလည်း ပိတ်တာတော့ ရှိနေတာပေါ့။ အခုကာလက ကိုဗစ်ကာလလည်း ဖြစ် တော့ စက်ရုံတွေ ယာယီပိတ်တာ၊ အပြီးပိတ်တာ၊ ယာယီပိတ်ပြီး ပြန်မဖွင့်တော့တာ ဒါတွေကတော့ ပုံမှန်ရှိတယ်”လို့ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦး ကပြောပါတယ်။ မြန်မာမှာ ကိုဗစ်စတင်ချိန်ကနေ လက်ရှိအထိ စက်ရုံတွေအပြီး ပိတ်သိမ်းတာ၊ ယာယီပိတ်သိမ်းတာက စက်ရုံပေါင်း ၃၅၀ အထက်မှာ ရှိနေပါပြီ။ အလုပ်လက်မဲ့ဖြစ်သွားရတဲ့ လုပ်သားအင်အားကလည်း ၃သိန်းကျော်မှာ ရှိနေနိုင်ပါတယ်။

အခုပြီးခဲ့တဲ့စက်တင်ဘာ၂၁ရက်နေ့ကလည်း လှိုင်သာယာစက်မှုဇုန်မှာရှိတဲ့ Myanmar Unique အထည်ချုပ် စက်ရုံအော်ဒါပြတ်လတ်တာကြောင့် ပိတ်သိမ်းခဲ့ရပြီး လုပ်သားထောင်ချီ အလုပ်လက်မဲ့ ဖြစ်ခဲ့ရတာပါ။ ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ အခုစက်တင်ဘာ၁ရက်ကနေ ၂၄ရက်တာအတွင်း စာရင်းတွေအရ ကုမ္ပဏီမှတ်ပုံတင်စာရင်းကနေ ပယ်ဖျက်ခဲ့ရတဲ့ ကုမ္ပဏီပေါင်းဟာလည်း အခု၃၀၀မှာရှိပါတယ်။ အဲဒီထဲမှာ ခရီးသွားလုပ်ငန်းတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းတွေ၊ CMPလုပ်ငန်းတွေ၊ အရောင်းအဝယ်လုပ်ငန်းတွေ၊ ကုန်သွယ်လုပ်ငန်းတွေစတဲ့ လုပ်ငန်းအမျိုးအစားတွေ ပါဝင်နေတာပါ။ ဒီလိုအခြေအနေတွေကြောင့် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင် ဦးဆောင်ပြီး စက်တင်ဘာ၂၃ရက်နေ့က လုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းလည်ပတ်နိုင်ရေး အခြေအနေတွေ၊ ကိုဗစ်ချေးငွေများ ခွင့်ပြုဆောင်ရွက်နိုင်ရေး အခြေအနေတွေ၊ CMPလုပ်ငန်း တွေရဲ့ အပ်ထည်အော်ဒါ ရရှိမှုတွေ၊ စတဲ့ကြုံတွေ့နေရတဲ့ အခက်ခဲတွေကို ကွင်းဆင်း တွေ့ဆုံဆွေးနွေးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: