> 首页 > MFN

မြန်မာ့ခရီးသွားများအတွက်ကိုဗစ်အလွန်ခရီးသွားလုပ်ငန်းများစတင်အသင့်ပြင်ထားရန်

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ကထုတ်ပြန်ထားတဲ့စာရင်းဇယားများအရ ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလမှမေလအထိ ကမ္ဘာတစ်ဝန်းနိုင်ငံတကာခရီးသည် ရောက်ရှိမှုဟာ ၂၀၁၉ခုနှစ်အလားတူကာလ ရောက်ရှိမှုနဲ့နှိုင်းယှဉ်ရင် ၈၅ရာခိုင်နှုန်းကျဆင်းသွားတယ်လို့ ဆိုပါတယ်။ အရေအတွက်အားဖြင့် သန်း၄၆၀လျော့နည်းသွားခြင်း ဖြစ်ပြီး ဒါဟာကမ္ဘာ့ခရီးသွားလုပ်ငန်းသမိုင်းမှာ အဆိုးရွားဆုံးကျဆင်းမှုဖြစ်ပါတယ်။

အာရှ-ပစိဖိတ်ဒေသကိုကြည့်ရင် ၂၀၂၁ခုနှစ်၊ ပထမ(၅)လအတွင်း နိုင်ငံတကာခရီးသည်ရောက်ရှိမှုဟာ ၂၀၁၉ခုနှစ်နဲ့နှိုင်းယှဉ်ရင် ၉၅ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကာ ဥရောပဒေသက ၈၅ရာခိုင်နှုန်း၊ အရှေ့အလယ်ပိုင်းဒေသက၈၃ရာခိုင်နှုန်း၊ အာဖရိကဒေသက၈၁ရာခိုင်နှုန်းနဲ့ အမေရိကဒေသက၇၂ရာခိုင်နှုန်းအသီးသီး လျော့နည်းကျဆင်းသွားခဲ့တယ်လို့လည်းကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ကဆိုပါတယ်။ 

လွန်ခဲ့တဲ့နှစ်အနည်းငယ်က အရှိန်အဟုန်ကောင်းစွာနဲ့ တိုးတက်လာခဲ့တဲ့ မြန်မာနိုင်ငံရဲ့ခရီးသွားလုပ်ငန်းဟာ ပြည်တွင်းကူးစက်မှုတွေဖြစ်လာပြီး နောက်ပိုင်း ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ဖို့ ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးတာတွေနှင့် နိုင်ငံတကာလေကြောင်းလိုင်းတွေ ရပ်ဆိုင်းတာတွေ၊ ခရီးသွားလာခွင့်ထိန်းချုပ်တာ တွေကို လုပ်ဆောင်ခဲ့ရတဲ့အတွက် ကိုဗစ်မတိုင်ခင်က နိုင်ငံတကာခရီးသွားဧည့်သည် ၁သန်းအထိရှိခဲ့တဲ့ မြန်မာ့ခရီးသွားလုပ်ငန်းရဲ့ GDP က ၃.၆ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တဲ့လို့ ကမ္ဘာ့ဘဏ်ကထုတ်ပြန်ထားပါတယ်။

ထားဝယ်ဒေသခံလုပ်ငန်းရှင်တစ်ဦးက“ထားဝယ်မှာဆိုရင်နေရာအသစ်တွေအများကြီးပေါ်နေပြီ။ ကိုဗစ်ဒုတိယလှိုင်းကဆိုရင်ပိတ်ရက်တွေမှာ ဒေသခံတွေက ကိုယ့်အစီအစဉ်တွေနဲ့ကိုယ်သွားနေကြတာ၊ ဒါတွေကိုဖွံ့ဖြိုးအောင်လုပ်ပေးဖို့လိုပါတယ်။ လုပ်သာကိုင်သာရှိအောင်စီမံပေးဖို့လိုတယ်”လို့သူ့အမြင်ကိုပြောပါတယ်။ စက်တင်ဘာ၂၇ ပြုလုပ်တဲ့ ၂၀၂၁ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အခမ်းအနားမှာ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ကိုဗစ်အလွန်ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ဆောင်ရွက်ရာတွင် ပြည်တွင်းခရီးသွားလုပ်ငန်းမှ စတင်ဆောင်ရွက်ရန် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ လမ်းညွှန်ချက်များတွင် ဖော်ပြထားပြီးဖြစ်လို့ ကိုဗစ်၁၉ကူးစက်မှုထိန်းချုပ်နိုင်မှု အပေါ်မူတည်၍ ပြည်တွင်းခရီးစဉ်များအတွက် သင့်လျော်သည့်ဒေသများကို ဦးစားပေးအစီအစဉ်အလိုက် ရွေးချယ်ပြီး ပြည်တွင်းခရီးသွားများအတွက် ပြန်လည်ဖွင့်လှစ်ဆောင်ရွက် နိုင်ရန် ယခုမှစ၍ အသင့်ပြင်ထားကြရမယ်လို့ ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ကပ်ရောဂါ၏ ရိုက်ခတ်မှုကို ခံစားနေရရုံသာမက လတ်တလောဖြစ်ပွားနေသော အခြေအနေများကြောင့် အခြားသောနိုင်ငံများ ထက်ခရီးသွားလုပ်ငန်း ပြန်လည်စတင်နိုင်ရေး ကြိုတင်ပြင်ဆင်ရမည့်လုပ်ငန်းများကို ၂ဆ၃ဆ ပိုမိုကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်လို့ ဝန်ကြီးဌာနအပြင် သက်ဆိုင်သူများအားလုံး ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နိုင်မှသာ မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်း အရှိန်အဟုန်ဖြင့် အမြန်ဆုံးလည်ပတ်နိုင်မယ်လို့လည်း သူကဆိုခဲ့ပါတယ်။ ထို့ပြင် နိုင်ငံတကာလေကြောင်းလိုင်းများနှင့် နိုင်ငံတကာဝင်ပေါက်များ ပြန်လည်ဖွင့်လှစ်နိုင်မှုအပေါ် မူတည်၍ Inbound tourism ပြန်လည် စတင်နိုင်ရေး အဓိကကျသော ပြည်ဝင်ခွင့် Visa ဆိုင်ရာ ကိစ္စရပ်များနှင့် ကိုဗစ်၁၉ကာကွယ်ဆေးထိုးနှံပြီးကြောင်း သက်သေအထောက်အထား အပါအဝင် နိုင်ငံတကာ စံနှုန်းသတ်မှတ်ချက် ကန့်သတ်ချက်များကို စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ အပါအဝင် မြန်မာ့ခရီးသွားလုပ်ငန်း အပေါ် စိတ်ဝင်စားသည့်နိုင်ငံများနှင့် ကြိုတင်ညှိနှိုင်းဆောင်ရွက်သွားကြရန် လိုအပ်မယ်လို့လည်းသိရှိရပါတယ်။

ထို့ပြင် မြန်မာနိုင်ငံခရီးစဉ်ဒေသများကို COVID Safe Destination အဖြစ် နိုင်ငံတကာ ခရီးသွားများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အတွက် Marketing, Promotionနှင့် Public Relations(PR) ကိစ္စရပ်များကို ထိထိရောက်ရောက် ဆောင်ရွက်ကြရန် လိုအပ်သလို ထိုသို့ဆောင်ရွက်ရာတွင် Digitalနည်းပညာကိုအသုံးပြု၍ Marketing, Promotion နှင့် PRကိစ္စရပ်များကို ဆောင်ရွက်ခြင်းသည် မိမိပေးလိုသော သတင်းအချက်အလက်များကို ကျယ်ပြန့်စွာရောက်ရှိစေမည်ဖြစ်ပြီး Offline သို့မဟုတ် Physical/ In person နည်းဖြင့်ဆောင်ရွက်မှုသည်လည်း ထိရောက်မှု ရှိသည့်အတွက် Online/Offlineနှစ်မျိုးစလုံးကို အသုံးပြုဆောင်ရွက်ကြရမည်ဖြစ်ပြီး မြန်မာ့ခရီးသွားလုပ်ငန်းများ အမြန်ဆုံးအရှိန်အဟုန်ဖြင့် စတင်လည်ပတ်နိုင်ရေးအတွက် ကော်မတီဝင်ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တတ်သိပညာရှင်များနှင့် ဒေသခံများပါ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်မယ်လို့သိရှိ ရပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: