> 首页 > MFN

ငါးမွေးမြူဖြစ်ထွန်းမှုနည်းပညာများကိုပညာပေးဖြန့်ဝေခြင်းနှင့်ရေပေါ်လှောင်အိမ်စနစ်စမ်းသပ်မွေးမြူ

မွေးမြူရေးနဲ့ရေထွက်ပစ္စည်းများဖြစ်တဲ့ ငါးနှင့်အသားအေးခဲသားများကို ပြည်ပပို့နိုင်ရေး အစိုးရပိုင်းနှင့် ပုဂ္ဂလိကကဏ္ဍများပူးပေါင်း၍ လုပ်ငန်းအစီအစဉ်ရေးဆွဲ ဆောင်ရွက်နေပါတယ်။ ထို့အပြင် အသားနှင့်ငါးများကို ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချခြင်းမှ မွေးမြူသူနှင့်ကုန်သည်များအတွက် အကျိုးအမြတ်ရရှိနေကြသော်လည်း တိရစ္ဆာန်အရှင်တင်ပို့ခြင်းထက် တန်ဖိုးမြင့်၊ အရည်အသွေးမြင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်ရောင်းချနိုင်ပါက ပိုမိုအကျိုးရှိမည်ဖြစ်ပြီး၊ ဈေးကွက်တည်ငြိမ်ရေး နှင့်ယှဉ်ပြိုင်နိုင်စွမ်းအားရှိသည့် တန်ဖိုးမြင့်၊ အရည်အသွေးမြင့်ထုတ်ကုန်များ ထုတ်လုပ်ရောင်းချနိုင်ရန် ထုတ်လုပ်မှုလုပ်ငန်းစဉ်တွင် ပါဝင်သူအားလုံး တို့က ပူးပေါင်းဆောင်ရွက်ကြရန် ဝန်ကြီးဌာနမှ တိုက်တွန်းထားပါတယ်။

လက်ရှိတွင်လည်း နေပြည်တော်ကောင်စီနယ်မြေနှင့် လယ်ဝေးမြို့နယ်တို့တွင် ရေပေါ်ငါးမွေးလှောင်အိမ်ဖြင့် တစ်နိုင်တစ်ပိုင် ငါးမွေးမြူခြင်းကို သရုပ်ပြ စမ်းသပ်ဆောင်ရွက်နေပြီး ငါးမွေးမြူဖြစ်ထွန်းမှု နည်းပညာများကို ဒေသခံများအားပညာပေးဖြန့်ဝေခြင်း နှင့်လုပ်ငန်းရှင်များဖိတ်ခေါ်၍ ရင်းနှီးမြှုပ်နှံနိုင်ရေး စည်းရုံး ဖိတ်ခေါ်သွားမယ်လို့ ငါးလုပ်ငန်းဦးစီးဌာနမှသိရှိရပါတယ်။ အဆိုပါ ရေပေါ်ငါးမွေးလှောင်အိမ်ဖြင့် တစ်ပိုင်တစ်နိုင်ငါးမွေးမြူခြင်းကို သရုပ်ပြမွေးမြူခြင်း ဆောင်ရွက် နိုင်ရန်အတွက် သဘာဝနှင့်ကိုက်ညီသည့် ငါးသားပေါက်များအား ရေပေါ်လှောင်အိမ်အတွင်းသို့ မျိုးစိုက်ထည့်ပေးခဲ့တယ်လို့လည်း သိရှိရပါတယ်။

ငါးလုပ်ငန်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်က“ငါးမွေးရာတွင်မြေကန်တူးမွေးခြင်းကိစ္စများကဲ့သို့ ကုန်ကျစရိတ်ကြီးမားစွာဖြင့် ဆောင်ရွက်ရန် မလိုအပ်ဘဲ စရိတ်သက်သာစွာဖြင့် ငါးမွေးမြူထုတ်လုပ်လာနိုင်စေရန် နှင့် ရေအရည်အသွေးကောင်းမွန်သော ရေပြင်ကျယ်များမှ နေရာကျဉ်းကျဉ်းဖြင့် ငါးရိက္ခာပိုမို ထုတ်လုပ်လာနိုင်ကြစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး၊ ငါးမွေးမြူဖြစ်ထွန်းမှု နည်းပညာများကို ဒေသခံများအား ပညာပေးဖြန့်ဝေခြင်းနှင့် လုပ်ငန်းရှင်များ ဖိတ်ခေါ်၍ ရင်းနှီးမြှုပ်နှံနိုင်ရေး စည်းရုံးဖိတ်ခေါ်သွားမှာဖြစ်ပါတယ်”လို့ပြောဆိုပါတယ်။

နေပြည်တော်ကောင်စီနယ်မြေ ငါးမွေးမြူရေးလုပ်ငန်းရပ်တစ်ခုအဖြစ် ပေါ်ပေါက်လာစေရန်၊ ဒေသတွင်းငါးထုတ်လုပ်မှုတိုးတက်ပြီး ငါးဈေးနှုန်းများတည်ငြိမ်စေရန်၊ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးစေရန်၊ ဈေးနှုန်းသက်သာပြီး အရသာကောင်းမွန်သော ငါးများကို လူတိုင်းလုံလောက်စွာ စားသုံးလာနိုင်စေရန် ရည်ရွယ် တယ်လို့လည်း ဝန်ကြီးဌာနမှဆိုပါတယ်။ ငါးမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်၊ အစားအသောက်ဘေးဥပဒ်ကင်းရှင်းသည့် မွေးမြူရေးရေထွက်ကုန် ငါးရိက္ခာများ ထုတ်လုပ်နိုင်စေရန် ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ရှမ်းပြည်နယ်နှင့်ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် တလုပ်လှငါးလုပ်ငန်းစခန်း၊ စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုငါးလုပ်ငန်းစခန်းတို့၌ လွန်ခဲ့တဲ့ရက်သတ္တပတ်က ကောင်းမွန်သောရေသတ္တဝါ မွေးမြူရေးကျင့်စဉ် (GAqP) သင်တန်းများကို ဖွင့်လှစ်သင်တန်းပေးခြင်းများကိုလည်း ပြုလုပ်ထားပါတယ်။

မြန်မာ့ရေထွက်ကုန်များကို နိုင်ငံပေါင်း(၄၅)နိုင်ငံသို့ နှစ်စဉ်တင်ပို့လျက်ရှိပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်များအရ ၂၀၂၀အောက်တိုဘာလမှ ၂၀၂၁စက်တင်ဘာ(၃)ရက်အထိ ရေထွက်ပစ္စည်းတန်ချိန် (၅.၃)သိန်း တင်ပို့မှုမှ ပို့ကုန်တန်ဖိုးအမေရိကန် ဒေါ်လာ (၇၂၄.၁၁၄)သန်း ရရှိထားတယ်လို့ ဝန်ကြီးဌာနရဲ့စာရင်းများအရ သိရှိရပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: