> 首页 > MFN

မြန်မာ့ရေကြောင်းလုံခြုံရေးအတွက် ကမ်းခြေ စောင့်တပ် ဖွဲ့စည်း

ပင်လယ်ပြင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ အမျိုးသားရေကြောင်းအကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ စတဲ့ ရည်ရွယ်ချက်များစွာနဲ့ မြန်မာ့ရေကြောင်းလုံခြုံရေး ကမ်းခြေစောင့်တပ်ကို ဖွဲ့စည်းလိုက်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ဖော်ပြလာပါတယ်။ ကမ်းခြေစောင့်တပ်ဖွဲ့စည်းတဲ့ အခမ်းအနားကိုအောက်တိုဘာ ၆ရက်က ရန်ကုန်မြို့၊ အမှတ်(၃)ရေတပ်ဆိပ်ခံတံတားမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌကိုယ်တိုင် တက်ရောက်ခဲ့တာပါ။

ဒီတပ်ဖွဲ့အနေနဲ့ တပ်မတော်(ရေ)ကိုပါ အထောက်အကူပြုစေဖို့ ရည်ရွယ်သလို မြန်မာ့ကမ်းရိုးတန်းတလျှောက် အတွင်းပိုင်းရေပြင် သီးသန့်စီးပွားရေးဇုန်အထိရေကြောင်းဆိုင်ရာ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး ဆိုင်ရာလုပ်ငန်းတွေကို တာဝန်ခံစီမံကွပ်ကဲဆောင်ရွက်တာ၊ ပင်လယ်ဖြတ်ကျော် မှုခင်းတွေ နှိမ်နင်းတာသတင်းအချက်အလက်တွေ ဖလှယ်တာ၊ နိုင်ငံတကာကမ်းခြေစောင့်တပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး သံတမန်ဆက်ဆံရေး တိုးမြှင့်ဖို့ဆောင်ရွက်တာ၊ ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေးနဲ့ ပင်လယ်ပြင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စတာတွေကို လုပ်ဆောင်မယ့်သဘောရှိပါတယ်။

ဒီအပြင် ပင်လယ်ပြင်ဆက်သွယ်ရေးလမ်းကြောင်း (Sea Line of Communication) လုံခြုံရေးနဲ့ မိမိတို့ရေနက်ဆိပ်ကမ်းတွေရဲ့ ဘေးကင်းလုံခြုံရေး၊ပင်လယ်ငါးဖမ်းလုပ်ငန်းတွေရဲ့ လုံခြုံရေးတွေနဲ့အတူ ရေပိုင်နက်ကျော် တရားမဝင်ငါးခိုးဖမ်းဆီးမှုတွေကိုလည်း စစ်ဆေးရှာဖွေဖမ်းဆီးထိန်းသိမ်းဆောင်ရွက်ရမယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌက အဆိုပါတပ်ဖွဲ့ဝင်တွေကို ပြောဆိုခဲ့တာပါ။

မြန်မာ့ရေပိုင်နက်ဟာ ရေပြင်ဧရိယာ ၁၄၄,၉၁၂စတုရန်းမိုင်ခန့် ရှိသလိုကမ်းရိုးတန်းတစ်လျှောက်မှာလည်း ကျွန်းပေါင်း၁,၄၀၀ကျော်ရှိပြီး သဘာဝကပေးတဲ့အရင်းအမြစ်တွေနဲ့ စီးပွားရေးအခွင့်အလမ်းတွေ များစွာရှိနေတာပါ။ ဒီရေပြင်ဧရိယာအတွက် ယခင်က အထက်ပါတာဝန်တွေကို တပ်မတော်(ရေ)က ပူးတွဲဆောင်ရွက်ခဲ့တာဖြစ်ပြီး ကမ်းခြေစောင့်တပ်ဖွဲ့နဲ့ ဆောင်ရွက်ဖို့ အခုအောက်တိုဘာ၆ရက်မှာတော့ သီးခြားဖွဲ့စည်းလာတာပါ။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: