မြန်မာ့ ပထမဆုံး မြေအောက်ကူး လူသွားလမ်း ဥမင် ဖွင့်လှစ်
ရန်ကုန်တိုင် ကမာရွတ်မြို့နယ်၊ ပြည်လမ်းစိုက်ပျိုးရေးမှတ်တိုင်အနီးရှိ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ပညာရေးလေ့ကျင့်ရေးကျောင်း၊ ကမာရွတ်(TTC)၊Junction square အပြင် ပြည်တွင်းစီးပွားရေးလုပ်ငန်း ကုမ္ပဏီများစွာ တည်ရှိတဲ့အတွက် လူသွားလူလာများပြားတဲ့ စီးပွားရေးမြို့တော် အချက်အချာနေရာတစ်ခု ပါ။
အဲဒီမှာ ကျောင်းသား/သူ၊ ရုံးတက်/ဆင်း ပြည်သူများရဲ့ အပြေးအလွှား ကားလမ်းဖြတ်ကူးကျတဲ့ မြင်ကွင်းကတော့ ယနေ့ကစ တွေ့မြင်ရတော့မှာ မဟုတ်ပါဘူး။
ဒါကတော့ လမ်းသွားလမ်းလာ အများပြည်သူတွေ အန္တရာယ်ကင်းကင်းရှင်းရှင်းနဲ့ သွားလာနိုင်ဖို့အတွက် မြန်မာ့ပထမဆုံး မြေအောက်ကူး လူသွားလမ်းဥမင် (Underpass) ကို အောက်တိုဘာ၇ရက်မှာ စပြီး ဖွင့်လှစ်လိုက်ပါတယ်။ လူသွားလမ်းကူးဥမင်ဟာ ရန်ကုန်ကမာရွတ်မြို့နယ် ပြည်လမ်းမကြီး မြေအောက်ကိုဖြတ်သန်းကာ TTC ကျောင်းနဲ့ Junction Square ဈေးဝယ်စင်တာတို့ကို ချိတ်ဆက်ထားတာပါ။
ဒီဥမင်မှာ အမြင့်၁၁ပေ၊ အကျယ်ပေ၄၀၊ မြေအောက်အနက် ၁၅ပေ၃လက်မ ရှိတာပါ။ အလျားအရ ၄၂၇ပေရှိကာ ဝင်/ထွက်ပေါက် ၄ ခု ပါဝင်ပြီး လူဦးရေ ၆၀၀၀ခန့် ဖြတ်သန်းသွားလာလို့ရပါတယ်။ စက်လှေကား၊ ဓာတ်လှေကား၊ ဆိုင်ခန်း၁၈ခန်း ပါဝင်ထည့်သွင်းတည်ဆောက်ထားပြီး မသန်စွမ်းသူများပါ သွားလာနိုင်ဖို့အတွက် စီမံထားပါတယ်။ ဒီအပြင် လုံခြုံရေးစနစ်ကိုလည်း အထူးကောင်းမွန်စွာ ဆောင်ရွက်ထားတာကြောင့် စီးပွားရေးမြို့တော်ရန်ကုန်ရဲ့ ပြယုဂ်တစ်ခု ဖြစ်လာပါတယ်။
မြေအောက်လူကူးဥမင်ကို ယခင်အစိုးရလက်ထက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ဦးစီးကာ စင်ကာပူနိုင်ငံက ဒီဇိုင်းရေးဆွဲပြီး ရွှေတောင်ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့တာပါ။ မြေအောက်ဥမင်အတွက် ရန်ကုန်စည်ပင်သာယာရေးဘတ်ဂျက်နဲ့ တိုင်းဒေသကြီးဘတ်ဂျက် စုစုပေါင်း ၂ဘီလီယံကျော်ကုန်ကျခဲ့တယ်လို့ သိရပါတယ်။

ဒီဥမင်တည်ဆောက်ရေးမှာ စည်ပင်သာယာရေးကော်မတီနဲ့ မြန်မာနိုင်ငံမြေငလျင်အဖွဲ့၊ မြန်မာနိုင်ငံက အင်ဂျင်နီယာတွေ ပူးပေါင်းပြီး တည်ဆောက်ခဲ့တာပါ။



