Kent ၊ London နဲ့ Lucky Strike တွေ မြန်မာနိုင်ငံတွင် မရရှိနိုင်တော့
British American Tobacco ကုမ္ပဏီကို ၁၉၀၂ခုနှစ်က အင်္ဂလန်မှာ စတင်တည်ထောင်ခဲ့ပြီး နိုင်ငံပေါင်း၂၀၀ကျော်မှာ စီးကရက်တံဆိပ်ပေါင်း ၂၀၀ကျော် ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း နာမည်ကြီးစီးကရက်တွေဖြစ်တဲ့ Londonနဲ့ Lucky Strike ထုတ်လုပ်နေတဲ့ BAT Myanmar ကုမ္ပဏီဟာ မြန်မာနိုင်ငံက သူ့ရဲ့လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။
Kent၊ Londonနဲ့ Lucky Strike စီးကရက်တွေ ထုတ်လုပ်ဖြန့်ဖြူးတဲ့ British American Tobacco ကုမ္ပဏီဟာ အောက်တိုဘာ၆ရက်ကပဲ ကုန်ထုတ်လုပ်မှု၊ အရောင်းနဲ့ဖြန့်ဖြူးရေး လုပ်ငန်းအားလုံးကို ရပ်စဲလိုက်ပြီလို့ မိတ်ဖက်ကုန်သည်တွေဆီ ပို့တဲ့စာမှာ ဖော်ပြထားပါတယ်။
ဘာကြောင့် ရပ်ဆိုင်းလိုက်တယ်ဆိုတာ အသိပေးစာမှာ ဖော်ပြမထားပေမယ့် သူ့ကုမ္ပဏီဆီက ငွေကြေးရဖို့ ရှိတဲ့သူတွေအနေနဲ့လည်း အောက်တိုဘာ၂၀ရက် နောက်ဆုံးထားပြီး ငွေတောင်းခံလွှာတွေ ပို့ပေးဖို့ လုပ်ငန်းရှင်တွေဆီကို အကြောင်းကြားထားပါတယ်။
BAT လို့ ခေါ်တဲ့ ဗြိတိသျှ-အမေရိကန် ဆေးရွက်ကြီးကုမ္ပဏီက ၁၉၉၉ခုနှစ်မှာ မြန်မာနိုင်ငံထံ စတင်ဝင်ရောက်လာခဲ့ပြီး စီးကရက်ထုတ်လုပ်ငန်းကို လုပ်ကိုင်နေစဉ်အတွင်း တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်နဲ့ ဆက်နွယ်မှုကြောင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေက ဖိအားပေးခဲ့ပြီး ယင်းဖြစ်ရပ်အပေါ် ထိုအချိန်က ဗြိတိန်ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ဝန်ကြီးချုပ်တိုနီဘလဲက BAT ကို ဝေဖန်ခဲ့တဲ့အပြင်၊ ဗြိတိန်အစိုးရရဲ့ အထူးတောင်းဆိုချက်ကြောင့် ၂ဝဝ၃ခုနှစ်မှာ မြန်မာနိုင်ငံက ထွက်ခွာခဲ့ရပါတယ်။
ယင်းနောက် ၂၀၁၃ခုနှစ်မှာ မြန်မာနိုင်ငံဈေးကွက်ထံ ပြန်လည်ရောက်ရှိလာခဲ့ပြီး လန်ဒန်စီးကရက် ထုတ်လုပ်ဖို့ အမေရိကန်ဒေါ်လာ သန်း(၅၀) ရင်းနှီးမြှုပ်နှံပြီး စက်ရုံဆောက်ခဲ့ပါတယ်။ ထို့အပြင် ဦးပိုင်ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်ပြီး စီးကရက်တချို့ ထုတ်လုပ်နေတဲ့ Rothmans of Pall Mall Myanmarရဲ့ ရှယ်ယာအများစုကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။



