ရန်ကုန်မြို့ စည်ပင် နယ်နိမိတ်အတွင်းရှိ ပန်းခြံပေါင်း ၆၂ ခုလုံးကို ယခုလ ၁ရက်နေ့မှ စ၍ ပြန်ဖွင့်
ကုန်လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ် ကိုဗစ်၁၉ ပထမလှိုင်းနှင့် ဒုတိယလှိုင်းအချိန် ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလ ရုံးပတ်ရက်တွေမှာ လူစုလူဝေးမဖြစ်စေဖို့ လူစည်ကားတဲ့ ပြည်သူ့ဥယျာဉ်၊ အင်ယားကန်ဘောင်၊ တိရစ္ဆာန်ဥယျာဉ် အပါအဝင် ရန်ကုန်စည်ပင် နယ်နမိတ်အတွင်းက ပန်းခြံနှင့် ကစားကွင်းတွေကို ဒီဇင်ဘာလ တတိယအပတ်ကတည်းက ယာယီပိတ်ထားခဲ့ရာ ယခုအချိန်တွင် တချို့ပန်းခြံတွေနဲ့ Public Area တွေကိုတော့ ပြန်လည် ဖွင့်လှစ်ထားပါတယ်။
သို့ရာတွင် ရန်ကုန်မြို့လယ်နှင့် လူအသွားများတဲ့ ပန်းခြံတွေကိုတော့ ပိတ်ထားဆဲပါ။ ကိုဗစ်၁၉ တတိယလှိုင်း ပြင်းထန်ခဲ့တာကြောင့်လည်း အများပြည်သူများဟာ မိမိတို့အိမ်အတွင်းမှာပဲ နေထိုင်ရင်း ကိုယ်လက်လှုပ်ရှား ပြုလုပ်ဖို့ဆိုရင် မိမိတို့လမ်းအတွင်းနှင့် အိမ်အရှေ့များတွင်သာ လမ်းလျှောက်ခြင်း၊ ကိုယ်လက်လှုပ်ရှား ကျန်းမာရေး လေ့ကျင့်ခန်းများ လုပ်ခြင်းဖြင့်သာ အပန်းဖြေရတဲ့ အခြေအနေ ဖြစ်ပါတယ်။
ယခုမှာတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ရန်ကုန်မြို့လယ်က မဟာဗန္ဓုလပန်းခြံ အပါအဝင် စည်ပင်နယ်နမိတ်အတွင်းရှိ ပန်းခြံပေါင်း ၆၂ ခု လုံးကို ယခု နိုဝင်ဘာလ ၁ရက် မှစ၍ ပြန်လည် ဖွင့်လှစ်လိုက်ပြီလို့ ပန်းဥယျဉ်နှင့် အားကစားကွင်းများဌာနမှ သိရှိရပါတယ်။
ယခုအခါ ရန်ကုန်မြို့အတွင်း ကိုဗစ်၁၉ ကူးစက်မှု လျော့နည်းလာတဲ့အပြင် အများပြည်သူ အပန်းဖြေဖို့၊ ကျန်းမာရေးအတွက် လမ်းလျှောက်တာ၊ ကိုယ်လက်လှုပ်ရှား အားကစားလုပ်တာတွေ ပြုလုပ်နိုင်အောင် ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး၊ မဟာဗန္ဓုလပန်းခြံကိုတော့ နိုဝင်ဘာ ၁ရက် နေ့ မှစလို့ နံနက် ၆ နာရီ မှ ညနေ ၆ နာရီ အထိ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ ကိုဗစ်၁၉ စည်းကမ်းချက်တွေနဲ့အညီ ဖွင့်လှစ်မယ်လို့ ရန်ကုန်စည်ပင်က ထုတ်ပြန်ထားပါတယ်။
ထို့အပြင် ကိုဗစ်ကြောင့် ယာယီပိတ်ထားခဲ့ရတဲ့ ရန်ကုန်တိုင်းအတွင်းက စည်ပင်လက်အောက်ရှိ မြို့နယ်ပေါင်း ၃၃ မြို့နယ် မှ ဈေးပေါင်း ၁၈၄ ဈေး နှင့် ပုဂ္ဂလိကပိုင် ဈေးပေါင်း ၉၂ ဈေး ကိုလည်း နိုဝင်ဘာ ၁ရက် နေ့ (ယနေ့) မှ စကာ ပြန်လည်ဖွင့်လှစ်ခွင့် ပြုသွားမယ်လို့ မြို့တော်စည်ပင်က ထုတ်ပြန်ထားပါတယ်။


