ဗဟိုဘဏ်ရဲ့ ငွေသားဖြင့် ပေးချေမှုကန့်သတ်ချက်အရ New Account သို့ ငွေလွှဲပါက ၅၀ ရာခိုင်နှုန်း ထုတ်ယူခွင့်ရှိပြီး Old Account ဖြစ်ပါက ၂၅ရာခိုင်နှုန်း ထုတ်ယူခွင့်ရမယ်
ဗဟိုဘဏ်ရဲ့ ငွေသားဖြင့် ပေးချေမှု ကန့်သတ်ချက်အသစ်အရ ရောင်းသူနှင့် ဝယ်သူအကြား ငွေပေးချေရာတွင် ရောင်းသူရဲ့ New Account (အကောင့်အသစ်) သို့ ငွေလွှဲပါက ၅၀ ရာခိုင်နှုန်း ထုတ်ယူခွင့်ရှိပြီး Old Account (အကောင့်ဟောင်း) ဖြစ်ပါက ၂၅ ရာခိုင်နှုန်း ထုတ်ယူခွင့်ရမယ်လို့ ဗဟိုဘဏ်မှ သိရှိရပါတယ်။ ထိုသို့ ငွေထုတ်ယူရာတွင်လည်း ပစ္စည်းရောင်းချသူက ဒစ်ဂျစ်တယ်ပေးချေမှုကို လက်ခံမှ ငွေသား ပြန်လည်ထုတ်ယူခွင့်နဲ့ အခြား အကျိုးခံစားခွင့်ဖြစ်တဲ့ အိမ်ခြံမြေ၊ ကားအမည်ပေါက်ပြောင်းခြင်း၊ အခွန်ပေးဆောင်ခြင်းတို့တွင် ဘဏ်စနစ်နဲ့ ဆောင်ရွက်တဲ့ အထောက်အထား ပြနိုင်မှသာ အစိုးရဌာနများမှ ခွင့်ပြုပေးမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဖြေကြားထားပါတယ်။
နိုဝင်ဘာ ၃ရက် က ထုတ်ပြန်ခဲ့တဲ့ ငွေသားဖြင့် ပေးချေမှု ကန့်သတ်ချက် အမိန့်ကြော်ငြာစာနဲ့ ပတ်သက်လို့ မေးမြန်းလာနိုင်တဲ့ မေးခွန်းတွေကို ပြန်လည်ဖြေကြားရင်း ရောင်းချသူဘက်က ဒစ်ဂျစ်တယ်ပေးချေမှုကို လက်မခံပါက မည်သို့ ဆောင်ရွက်မလဲဆိုတဲ့ မေးမြန်းချက်အပေါ် အထက်ပါအတိုင်း ဖြေကြားထားတာလည်း ဖြစ်ပါတယ်။
ရောင်းချသူအနေနဲ့ မိမိရဲ့ ဘဏ်စာရင်း New Account ထဲကို ဝယ်ယူသူက ဒစ်ဂျစ်တယ်နည်းစနစ်ဖြင့် ငွေပေးချေပါက တန်ဖိုးရဲ့ ၅၀ ရာခိုင်နှုန်း ကို ငွေသားဖြင့် ထုတ်ယူနိုင်ပြီး ကျန်ရှိတဲ့ ၅၀ ရာခိုင်နှုန်း ကို ရက်ပေါင်း ၃၁ရက် မှ ၄၅ရက် အတွင်း ရောင်းသူရဲ့ ဆန္ဒအပေါ် မူတည်ကာ ငွေသားထုတ်ယူနိုင်တယ်လို့ သတ်မှတ်ထားပါတယ်။
အကယ်၍ ရောင်းချသူရဲ့ ဘဏ်စာရင်းအကောင့် (ဟောင်း) ထဲကို ဝယ်ယူသူက ဒစ်ဂျစ်တယ်စနစ်နဲ့ ငွေပေးချေမယ်ဆိုရင် တန်ဖိုးရဲ့ ၂၅ ရာခိုင်နှုန်း ကိုပဲ ငွေသားထုတ်ယူခွင့်ရှိတယ်လို့ ဗဟိုဘဏ်က ဖြေကြားထားပါတယ်။ တူညီတဲ့ ကုန်ပစ္စည်း အရောင်းအဝယ် ပြုလုပ်ရာတွင် တစ်ကြိမ်ကို ကျပ်သိန်း ၂၀၀ သာ ငွေသားဖြင့် ပေးချေနိုင်ပြီး ကုန်ပစ္စည်းတွေက ပြည်ပမှ တင်သွင်းသော သို့မဟုတ် ပြည်တွင်းမှာ ထုတ်လုပ်တဲ့ ပစ္စည်းအမျိုးမျိုး ပါဝင်တယ်လို့ သိရှိရပါတယ်။
ထို့အပြင် ရောင်းချသူဘက်က လက်မခံကြောင်း စစ်ဆေးပေါ်ပေါက်ပါက အမိန့်ကြော်ငြာစာပါ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ အရေးယူခံရနိုင်ကာ ကျပ် သိန်း ၂၀၀ ထက် ကျော်လွန်တဲ့ ပမာဏကို ငွေသားဖြင့် ရောင်းချခဲ့မယ်ဆိုရင်လည်း သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေကို လိုအပ်သလို အရေးယူ ဆောင်ရွက်သွားမယ်လို့ ဗဟိုဘဏ်ရဲ့ ဖြေဆိုထားချက်အရ သိရှိရပါတယ်။
ဝန်ဆောင်မှုတွေထဲမှာ ပညာရေး၊ ကျန်းမာရေးစရိတ်များ၊ အာမခံကြေးများ၊ လျှပ်စစ်မီတာခ၊ Wedding Packages၊ ခရီးသွားအပန်းဖြေမှု ကိစ္စရပ်များ စသဖြင့် ဝန်ဆောင်မှု အမျိုးအစားအားလုံး ပါဝင်တယ်လို့ ဗဟိုဘဏ်က ပြောပါတယ်။ ကုန်အရောင်းအဝယ်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ၌ တစ်ကြိမ်လျှင် ကျပ် သိန်း ၂၀၀ အထိသာ ငွေသားနှင့် ပေးချေနိုင်ပြီး ယင်းပမာဏထက် ကျော်လွန်ပါက ဘဏ်စနစ်ကိုသာ အသုံးပြုရမယ်လို့ ဗဟိုဘဏ်မှ နိုဝင်ဘာ ၃ရက် နေ့က ထုတ်ပြန်ထားပါတယ်။
ကျပ် သိန်း ၂၀၀ ထက် ပိုသော ငွေပေးချေမှုများအတွက် ဒစ်ဂျစ်တယ်ငွေပေးချေမှု နည်းလမ်းများဖြစ်သော မိုလ်ဘိုင်းဘဏ်လုပ်ငန်း၊ အင်တာနက်ဘဏ်လုပ်ငန်းနှင့် ပေးချေခြင်း၊ ဘဏ်ကတ်များနှင့် ပေးချေခြင်း၊ ချက်လက်မှတ် / ငွေပေးအမိန့်လွှာ (PO) ပေးခြင်း၊ စာရင်းပြောင်းပေးချေခြင်း (Account Transfer) စသည်ဖြင့် ပေးချေရမည်ဖြစ်ကာ စာရွက်အထောက်အထားများကို တင်ပြ၍ ငွေပေးချေခြင်း နည်းလမ်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်ထားပါတယ်။





