ကျန်းမာရေးနှင့် လုံခြုံစိတ်ချရတဲ့ လုပ်ငန်းစဉ်များအပြီး ချောင်းသာနှင့် ငွေဆောင်ကမ်းခြေ ခရီးသွား ရာသီ ဖွင့်လှစ်
လက်ရှိမှာ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနအနေနဲ့ ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းတွေကို ပြန်လည် အသက်ဝင်လာဖို့ ပြင်ဆင်နေပြီး လတ်တလော ပြည်တွင်းခရီးသွားများကို ဦးတည်ကာ ခရီးသွားလုပ်ငန်းတွေကို မြန်မာနိုင်ငံအနှံ့ ပြန်လည် စတင်လာပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ရခိုင်ပြည်နယ် ငပလီမြို့ရှိ ငပလီကမ်းခြေကို ဆောင်းဦးပွဲတော် အမည်ဖြင့် ပြည်တွင်းခရီးသွားများအတွက် စတင်ဖွင့်လှစ် ထားပါတယ်။ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ နိုဝင်ဘာ ၁၅ရက် နေ့ တွင်လည်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ချောင်းသာနှင့် ငွေဆောင်ကမ်းခြေများ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပသော ကမ်းခြေခရီးသွားရာသီ ဖွင့်ပွဲကို ပြုလုပ်လိုက်ပြီး ကမ်းခြေအခြေပြု ခရီးသွားလုပ်ငန်းကို ဖွင့်လှစ်လိုက်ပါတယ်။
ကမ်းခြေများ ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် အမှိုက်နှင့် စွန့်ပစ်ပစ္စည်းများ စွန့်ပစ်ခြင်း၊ အဆောက်အအုံများ ဆောက်လုပ်ခြင်းဖြင့် မြေယာရှုခင်းများ ပြောင်းလဲလာခြင်း၊ လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်ခြင်း စသည့် သက်ရောက်မှုများ အနည်းဆုံးဖြစ်စေရေး ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်သွားရန် လိုအပ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ယှဉ်တွဲ၍ ကမ်းခြေဒေသ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ပြန်လည် ဖွင့်လှစ်လျက်ရှိသည့် အကြောင်းကို ပြည်သူများ ပိုမို သိရှိနိုင်ရန် ခရီးသွားရာသီဖွင့်ပွဲကို ဖွင့်လှစ်ရခြင်း ဖြစ်တယ်လို့ ဝန်ကြီးဌာနမှ ဆိုပါတယ်။
ထို့အပြင် ခရီးသွားလုပ်ငန်း၏ ဆင့်ပွားအကျိုးသက်ရောက်မှု ရှိသောကြောင့် ဒေသတွင်း ခရီးသွားလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူပြုမှာဖြစ်ပြီး ဝန်ကြီးဌာနအနေဖြင့် ခရီးသွားဧည့်သည်များကို လုံခြုံစိတ်ချသော ဝန်ဆောင်မှုကောင်းများ (Safe Services) ပေးနိုင်ရန် ကျန်းမာရေးနှင့် လုံခြုံစိတ်ချမှုဆိုင်ရာသင်တန်း (Health and Safety Protocol-HSP) များကို ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်တယ်လို့ သိရှိရပါတယ်။
ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ဆက်စပ်လုပ်ကိုင်နေသည့် ဝန်ထမ်းများအနေဖြင့် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများနှင့်အညီ လိုက်နာလုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ကာ ကမ်းခြေဒေသများသို့ ခရီးသွားဧည့်သည်များ ပျော်ရွှင်ချမ်းမြေ့စွာ လာရောက်လည်ပတ်သည့် ကမ်းခြေခရီးစဉ် တစ်ခုဖြစ်စေရေး အစိုးရ၊ လုပ်ငန်းရှင်၊ ဒေသခံပြည်သူများ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုတယ်လို့လည်း ဝန်ကြီးဌာနမှ အသိပေးထားပါတယ်။
စက်တင်ဘာ လဆန်းပိုင်းကစလို့ ချောင်းသာကမ်းခြေကို ခရီးသွားဝင်ရောက်မှုဟာ နေ့စဉ် လူဦးရေ ၃၀၀ အထက် ပုံမှန် ဝင်ရောက်နေပြီး ပိတ်ရက်တွေမှာ ခရီးသွားများ ပိုမိုဝင်ရောက်ခဲ့တယ်လို့ ဒေသခံများထံက သိရှိရပါတယ်။ လက်ရှိ ချောင်းသားကမ်းခြေမှာ ဟိုတယ်နဲ့ခရီးသွားဝန်ကြီးဌာန လိုင်စင်ရ ဟိုတယ်၊ မိုတယ် ၃၃ လုံး ရှိတဲ့အနက် ၂၆ လုံး ကို ကိုဗစ်စည်းကမ်းအတိုင်း ပြန်လည် ဖွင့်လှစ်ခွင့် ပြုထားပြီး ကမ်းခြေဟိုတယ်အားလုံးဟာ ပြန်လည် ဖွင့်လှစ်ပြီးဖြစ်တယ်လို့ ဒေသခံများထံက သိရှိရပါတယ်။
ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ခရီးသွားလုပ်ငန်းတွေအနေနဲ့ ကိုဗစ်၁၉ ရောဂါအခြေအနေ အနည်းငယ် သက်သာသွားပါက ခရီးသွားများ ရှိလာနိုင်မှာဖြစ်ပြီး နိုင်ငံအခြေအနေနဲ့ ရောဂါပြန့်ပွားမှု ပြန်လည် မြင့်မားလာပါက ခရီးသွားလာမှု ပြန်လည် ရပ်တန့်နိုင်ခြင်း ဆိုတဲ့ ပုံစံမျိုးဖြင့် လည်ပတ်နေမှာဖြစ်တယ်လို့ မှတ်ချက်ပေးပါတယ်။ လက်ရှိအချိန် ငွေဆောင်ကမ်းခြေမှာ ခရီးသွားအပန်းဖြေသူတွေ အများအပြား လာရောက် အပန်းဖြေနေတာကြောင့် (၂) နှစ် နီးပါး ကမ်းခြေတွေ ပိတ်ထားခဲ့ရလို့ လက်လုပ်လက်စားတွေ အတွက်တော့ အဆင်ပြေလာတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
၂၀၂၁ ခုနှစ် မတ်လ ကုန်ခါနီးမှာ ငွေဆောင်ကမ်းခြေက ဟိုတယ် (၅) လုံး ပြန်ဖွင့်ဖို့ လာရောက်ဆွေးနွေးတာတွေ ပြုလုပ်ခဲ့ပြီး ဧပြီလ အတွင်းက အဆိုပါ ဟိုတယ် (၅) လုံး အပါအဝင် ဟိုတယ်နှင့် တည်းခိုခန်း တော်တော်များများ ပြန်ဖွင့်ထားတယ်လို့လည်း ဝန်ကြီးဌာနမှ သိရှိရပါတယ်။ ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေကို သွားမယ်ဆိုပါက ပုသိမ်မြို့အဝင် စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းရတာကြောင့် ခရီးသွားထောက်ခံချက်၊ မှတ်ပုံတင်တွေ မဖြစ်မနေ ဆောင်သွားဖို့ လိုအပ်ပြီး၊ ကာကွယ်ဆေးထိုးပြီးပါက ထောက်ခံချက်လက်မှတ် ယူဆောင်သွားဖို့ လိုအပ်တယ်လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက အကြံပြုထားပါတယ်။