ပုပ္ပါးဒေသ ခရီးသွားဖွံ့ဖြိုးဖို့ ကမ္ဘာအဆင့်မှီ ဘူမိဥယျာဉ် သတ်မှတ်ခံရဖို့ ပြင်ဆင်
ပုပ္ပါးတောင်ဟာဆိုရင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ထားပြီးသော်လည်း ၎င်းဒေသအနီးရှိ နယ်မြေများကို ဘူမိဥယျာဉ် နယ်မြေများအဖြစ် အဆင့်မြှင့်တင်နိုင်ဖို့အတွက် လုပ်ဆောင်လာပါတယ်။ အဲဒီလို အခြေအနေမှာ ပြည်ပခရီးသွားများ စိတ်ဝင်တစား ဝင်ရောက်လည်ပတ်နိုင်ဖို့ကို ၎င်းဒေသရှိ ကမ္ဘာ့အဆင့်မှီ ဘူမိဥယာဉ်အဖြစ် သတ်မှတ်ခံရဖို့ ပြင်ဆင်နေတယ်လို့ နိုင်ငံပိုင် သတင်းစာကတစ်ဆင့် ဖော်ပြလာတာပါ။ လက်ရှိ ပုပ္ပါးဒေသအတွင်း UNESCO Global Geopark အဖြစ် သတ်မှတ်ခံရဖို့ကို အဆိုပြုလွှာ တင်သွင်းခွင့် မဆောင်ရွက်ခင် အမျိုးသားအဆင့် ဘူမိဥယျာဉ် သတ်မှတ်နိုင်ဖို့ ကနဦးဆောင်ရွက်နေတယ်လို့ ဘူမိဥယျာဉ်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌက ဆိုထားပါတယ်။ ဒီလို လုပ်ဆောင်နိုင်ဖို့အတွက် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း ပညာရှင်များ စနစ်တကျ ကွင်းဆင်း လေ့လာဖော်ထုတ်ပြီး မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ဘူမိနယ်မြေ (Geosite) ၁၅ နေရာ အဆိုပြု လုပ်ဆောင်သွားမှာပါ။
အဲလို အမျိုးသားအဆင့်နဲ့ ကမ္ဘာ့အဆင့် ဘူမိဥယျာဉ်များအဖြစ် သတ်မှတ်ခံရပါက ခရီးသွားလုပ်ငန်းများ တိုးတက်လာမှာ ဖြစ်သလို ယင်းဒေသနေ ပြည်သူတို့ရဲ့ လူမှုစီးပွားရေး ဖွံ့ဖြိုးမှုကို အထောက်အပံ့ဖြစ်ဖို့အတွက် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ UNESCO က ကမ္ဘာ့ဘူမိဥယျာဉ် အစီအစဉ်ကို ၂၀၀၁ ခုနှစ်မှာ စတင်ခဲ့ပြီး လက်ရှိမှာ ၄၁နိုင်ငံ မှာ ကမ္ဘာ့ဘူမိဥယျာဉ် ၁၄၇ ခု ရှိကြောင်း၊ တရုတ်နိုင်ငံတွင် ကမ္ဘာ့ဘူမိဥယျာဉ် ၃၉ ခု၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် မလေးရှားနိုင်ငံများတွင်လည်း ကမ္ဘာ့ဘူမိဥယျာဉ်များ ရှိနေတာပါ။ ပုပ္ပါးတောင်ဒေသဟာ ထူးခြားတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းများ၊ ပုဂံခေတ် သံရည်ကျိုမီးဖိုများ၊ ထူးခြားဇီ၀မျိုးစုံ မျိုးကွဲများနဲ့ အစွယ် (၂) ထပ် ဆင်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းမေးရိုးများ ရှိနေတာကြောင့် အလားအလာကောင်းတဲ့ ဒေသအဖြစ် ရှိနေတာပါ။
ပုပ္ပါးတောင်ဟာဆိုရင် မြန်မာနိုင်ငံအလယ်ပိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် အရှေ့တောင်ဘက်မှာ တည်ရှိပြီး ပဲခူးရိုးမရဲ့ မြောက်ဘက်အစွန်းမှာ သီးခြားထိုးထွက်နေတဲ့ မီးတောင်ဟောင်းကြီးတစ်ခု ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀၀၀ ခန့်က ပေါက်ကွဲခဲ့ပြီးနောက်ပိုင်း မီးငြိမ်းတောင်တစ်ခုအဖြစ် တည်ရှိခဲ့ကာ အပူပိုင်းဒေသအတွင်း စိမ်းလန်းစိုပြည်တဲ့ အိုအေစစ်တစ်ခုအသွင် ယခုတိုင် ဖြစ်တည်နေတာကြောင့် ပြည်တွင်းပြည်ပ ခရီးသွားအများစု စိတ်ဝင်စားရာ ဒေသတစ်ခု ဖြစ်ပါတယ်။ ပုပ္ပါးတောင်မကြီးတွင် နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလ ၂၅ရက် ခရစ္စမတ်နေ့နှင့် ဒီဇင်ဘာလ ၃၁ရက် နေ့ တို့မှာ နံနက်အရုဏ်တက်ချိန်၌ လူငယ်လူရွယ်များ၊ အသင်းအဖွဲ့များ၊ မိသားစုများ စုပေါင်း၍ ပုပ္ပားတောင်တက်ပွဲကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပြီး ဘုရားဖူးခရီးသွားဟာဆိုရင် နှစ်စဉ် သိန်းချီ ထိ ရှိနေတာပါ။
