ဖုန်းခေါ်ဆိုခနဲ့ အင်တာနက်ဒေတာဈေးနှုန်းတွေ ပြောင်းလဲသတ်မှတ်ဖို့ သုံးစွဲသူများထံ အော်ပရေတာ အချို့ စာပို့
ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ညွှန်ကြားချက်အရ ဖုန်းခေါ်ဆိုမှုနဲ့ အင်တာနက်အစီအစဉ် ဈေးနှုန်းတွေကို ပြောင်းလဲသတ်မှတ်လိုက်ကြောင်း အော်ပရေတာတချို့က သုံးစွဲသူတွေထံ အကြောင်းကြားမှုတွေ ရှိလာပါတယ်။ အော်ရီဒူးက ဖုန်းခေါ်ဆိုမှုနဲ့ အင်တာနက်အစီအစဉ် ဈေးနှုန်းတွေ ပြောင်းလဲသတ်မှတ်မယ် ဆိုတဲ့အကြောင်း သုံးစွဲသူတွေထံ ဒီဇင်ဘာ ၃ရက် မှာ စာတိုမက်ဆေ့ချ်တွေ ပေးပို့လာခဲ့သလို တယ်လီနောမြန်မာကလည်း ယင်းပြောင်းလဲလိုက်တဲ့ အစီအစဉ်ကို ဒီဇင်ဘာ ၁ရက် နေ့စွဲနဲ့ စတင်အသက်ဝင်တယ်လို့ ဖော်ပြထားပါတယ်။ MPT သုံးစွဲသူများထံသို့ ဒီဇင်ဘာ ၄ရက် နေ့ မနက်အစောပိုင်းမှာ ပြောင်းလဲ သတ်မှတ်မယ့်အကြောင်း စာတိုမက်ဆေ့ချ်တွေ ရောက်ရှိလာတယ်လို့ သုံးစွဲသူတွေထံမှ သိရှိရပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ မြန်မာ့ဆက်သွယ်ရေး MPT၊ အော်ရီဒူး၊ တယ်လီနောအပြင် တပ်မတော်ပိုင် Mytel အော်ပရေတာတို့လည်း ရှိနေပေမယ့် လက်ရှိအချိန်အထိ Mytel ကတော့ သူရဲ့ဈေးနှုန်းတွေ ပြောင်းလဲသတ်မှတ်ဖို့ ရှိမရှိ လတ်တလော ထုတ်ပြန်တာ မရှိသေးပါဘူး။
အခုလို ဈေးနှုန်းတွေ ပြောင်းလဲမယ်ဆိုတဲ့အထဲ ဘယ်လောက်၊ ဘယ်လိုဈေးနှုန်းတွေ ပြောင်းလဲသတ်မှတ်မှာလဲ ဆိုတာကိုတော့ အော်ပရေတာများက ရှင်းရှင်းလင်းလင်း ဖော်ပြထားတာ မရှိသေးသလို ဝန်ကြီးဌာနမှလည်း တရားဝင်ရှင်းလင်းချက်တွေနှင့် အသေးစိတ် အစီအစဉ်တွေကို ထုတ်ပြန်တာတော့ မရှိသေးပါဘူး။ ဒါပေမယ့် အော်ပရေတာတွေရဲ့ စာတိုပေးပို့မှုတွေအရတော့ လက်ရှိသုံးစွဲသူမှ ဝယ်ထားပြီးတဲ့ ဒေတာအစီအစဉ် ဈေးနှုန်းတွေကတော့ သက်တမ်းကုန်ဆုံးတဲ့နေ့အထိ မူလအတိုင်းသာ ဆက်လက်အသုံးပြုနိုင်မယ်လို့ ဖော်ပြထားပါတယ်။
ဖုန်းခေါ်ဆိုခနှင့် ဒေတာနှုန်းထားများ ပြောင်းလဲသွားမည်ဆိုခြင်းမှာ ယခင်နှင့် နှုန်းထားတူ ငွေကြေးပေးရပြီး ဒေတာ (သို့) ဖုန်းခေါ်ဆိုမှု ပမာဏ လျော့နည်းသွားခြင်းလည်း ဖြစ်နိုင်သလို၊ လက်ရှိ သုံးစွဲနေသည့် ပမာဏအတိုင်းပင်လျင် စျေးနှုန်းအဆမတန်ဖြင့် ဝယ်ယူ သုံးစွဲရခြင်းမျိုးလည်း ဖြစ်နိုင်တယ်လို့ သုံးစွဲသူများအကြား ပြောဆိုမှုများရှိနေပြီး လူမှုကွန်ရက်တွင်လည်း အဆိုပါ အော်ပရေတာများရဲ့ အပြောင်းအလဲအကြောင်း ပြောဆိုမျှဝေမှုတွေဟာ ကျယ်ပြန့်စွာ ထွက်ပေါ်လာနေပါတယ်။
ဖုန်းသုံးစွဲသူ အများစုကတော့ ယခင်ထက် ဈေးနှုန်းများ လျော့နည်းသွားမယ်ဆိုတာ မဖြစ်နိုင်သော်လည်း ထိုသို့ လျော့နည်းသွားပါက ကိစ္စမရှိကြောင်း၊ တစ်ကိုယ်ရည်အတွက် သော်လည်းကောင်း၊ ကိုယ်ရဲ့လုပ်ငန်း၊ အလုပ်အတွက် သော်လည်းကောင်း Wifi မရရှိချိန်တွင် အသုံးပြုရန် ပုံမှန်ဝယ်ယူရမယ့် ဒေတာလျော့နည်းပြီး ဈေးနှုန်းမြင့်မားသွားပါက သုံးစွဲသူများအတွက် များစွာ အခက်အခဲဖြစ်နိုင်ပြီး ကိုဗစ်၁၉နှင့် နိုင်ငံ့အခြေအနေအကြား အခြေခံလူမှုစီးပွားအပေါ် သက်ရောက်မှု ကြီးမားသွားမည်ဖြစ်ကာ သတင်းအချက်အလက် သိပိုင်ခွင့်၊ တစ်ဦးနှင့် တစ်ဦးကြား ဆက်သွယ်မှုတွေ၊ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် အင်တာနက်သုံးစွဲပြီး အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်မှုတွေ အပေါ် များစွာ ထိခိုက်သွားမယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။