မြန်မာ တောင်ဘက်ပင်လယ်ပြင် အခြေပြုကျွန်း ခရီးသွားလုပ်ငန်းများ ပြန်စတင်
မြန်မာနိုင်ငံ တောင်ဘက်ပိုင်း အလှအပတွေထဲက တစ်ခုဖြစ်တဲ့ တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစုမှာ ကျွန်းပေါင်း ၈၀၀ ကျော် ရှိပါတယ်။ ဒါကြောင့် ပင်လယ်ပြင်အခြေပြု ကျွန်းခရီးစဉ်တွေကို စိတ်ဝင်စားတဲ့ ခရီးသွားတွေအတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ ကြွယ်ဝလှတဲ့ အရင်းအမြစ်တွေ တည်ရှိရာနေရာပါ။ မြိတ်ကျွန်းစု ခရီးသွားလုပ်ငန်းတွေကို ၂၀၁၄ ခုနှစ် က စတင်လုပ်ကိုင်ခွင့် ပြုခဲ့တာဖြစ်ပြီး ခရီးသွားများအနေနဲ့ မြိတ်ကျွန်းစုတွေထဲက ကျွန်းပေါင်း ၂၀ ပေါ်သို့ သွားရောက် လည်ပတ်ခွင့် ရရှိနေတာပါ။
ခရီးစဉ်တွေအနေနဲ့ တစ်နေ့တာ ခရီးသွားလည်ပတ်တာ၊ ညအိပ်ခရီးသွား လည်ပတ်တာတို့အပြင် ပင်လယ်ပြင်နဲ့ ကျွန်းတွေရဲ့ သဘာဝပတ်ဝန်းကျင်ကို ခံစားကြည့်ရှုပြီး ဒေသခံတွေရဲ့ လူနေမှုဓလေ့တွေကို လေ့လာနိုင်မယ်လို့ သိရပါတယ်။ လက်ရှိမှာ ကိုဗစ်ကြောင့် ရပ်နားထားခဲ့ရတဲ့ ရန်ကုန်မြစ် ရေကြောင်းလိုင်းများ၊ အဝေးပြေး ခရီးသည်တင်ကားများ စတဲ့ လမ်းပန်းဆက်သွယ်ရေးတွေ ပြန်လည် ပြေးဆွဲနေပြီမို့ မြိတ်ကျွန်းစုရဲ့ ခရီးသွားလုပ်ငန်းတွေကိုလည်း ပြန်လည် စတင်နေပြီလို့ သိရပါတယ်။
“လောလောဆယ်တော့ ခရီးသွားဝင်ရောက်မှုက အနည်းအကျဉ်းတော့ ရှိတယ်။ အများစုက မြိတ်မှာ အသိမိတ်ဆွေရှိလို့ ရန်ကုန်ကနေ လာလည်တာမျိုးပါ။ အရင်လို ခရီးသွားတွေ အများကြီးတော့ မလာကြသေးပါဘူး”လို့ မြိတ်ဒေသခံတစ်ဦးက ပြောပါတယ်။ တစ်ချိန်ထဲမှာပဲ လုံခြုံရေးအရ သွားလာလို့ ရပြီဆိုရင်တော့ ကိုဗစ်နဲ့အတူ ခရီးသွားလုပ်ငန်းကို ဆက်လက်ရှင်သန်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ရင်းနဲ့ လက်တွေ့ကျကျ တိုးချဲ့သွားမယ်လို့ ၄င်းက ဆက်လက်ဆိုထားပါတယ်။
မြိတ်ခရိုင်အတွင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်တဲ့ ကုမ္ပဏီပေါင်း ၄၀ ကျော် ရှိပြီး ခရီးစဉ်တွေအတွက် အမြန်ရေယာဉ် အစီးရေ ၁၀၀ ကျော် ကို အသုံးပြု လည်ပတ်နေတာပါ။ လက်ရှိမှာ မြိတ်ကျွန်းစုဟာ ကျွန်းခရီးစဉ်တွေအပြင် ပုလဲအရောင်းဆိုင်တွေ၊ ငှက်သိုက်မွေးမြူရာအိမ်တွေ၊ ငါး၊ ပုဇွန် မွေးမြူရေးလုပ်ငန်းတွေ စတဲ့ ဒေသခံတွေရဲ့ အထင်ကရ နေရာတွေကိုပါ သွားရောက် လည်ပတ်ခွင့်ရမှာပါ။ သွားရောက် လည်ပတ်လိုသူတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံထားဖို့တော့ လိုအပ်ပါတယ်။


