မြန်မာ့တပ်မတော်နှင့် ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းများ၊ အကောင့်စာမျက်နှာများကို လူမှုကွန်ရက်မှ ဖယ်ရှားသွားမယ်လို့ facebook ထုတ်ပြန်
Facebook (Meta) က မြန်မာ့တပ်မတော်ကို ၎င်း၏ လူမှုကွန်ရက်ပလက်ဖောင်း အသုံးပြုမှုကို တားမြစ် ပိတ်ပင်ထားပြီးနောက် ယခုအခါ တပ်မတော်နှင့် ဆက်စပ်နေတဲ့ လုပ်ကိုင်ဆောင်ရွက်နေသော စီးပွားရေးလုပ်ငန်းများကို ကိုယ်စားပြုသည့် စာမျက်နှာများ၊ အဖွဲ့အစည်းအုပ်စုများ၊ လူတစ်ဦးချင်း အကောင့်များကို မိမိတို့၏ facebook လူမှုကွန်ရက်ပေါ်မှ ဖယ်ရှားသွားတော့မယ်လို့ ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် နိုင်ငံတကာ အသိုက်အဝန်း၏ ညွှန်းဖော် ပြသသော အချက်အလက် စာတမ်းများအပေါ် အခြေခံ၍ ယခုလို လုပ်ဆောင်မှုကို ဆောင်ရွက်နေတာဖြစ်ပြီး အမေရိကန်၊ အီးယူနှင့် အခြားအစိုးရများက ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများ ပြင်းထန်လာခြင်း၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများမှ အစီရင်ခံ တင်ပြခြင်းတွေ အပေါ်လည်း အခြေခံထားတယ်လို့ facebook (Meta) မှ ဆိုပါတယ်။
မြန်မာတပ်မတော်၏ ကြီးမားကျယ်ပြန့်သော စီးပွားရေးလုပ်ငန်းနှင့် အကျိုးစီးပွားများ ရရှိနေတာကြောင့် ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာများ လမ်းညွှန်မှုနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင် အစီရင်ခံစာကို အခြေခံကာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။ Meta က မြန်မာနိုင်ငံရှိ မြေပြင်အခြေအနေများကို ဆက်လက် စောင့်ကြည့်နေပြီး လူမှုကွန်ရက် အသုံးပြုနေသူ အသိုင်းအဝိုင်းအားလုံးအတွက် လုံခြုံစေရန်အတွက် လိုအပ်သည့် ဆောင်ရွက်မှုများကို ဆက်လက် လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတွင်းကလည်း တပ်မတော်ပိုင် ရုပ်မြင်သံကြားဖြစ်တဲ့ မြဝတီနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး စတဲ့ လူမှုကွန်ရက် စာမျက်နှာများကို Facebook ပေါ်ကနေ ဖယ်ရှားခဲ့ဖူးပါတယ်။
မူရင်းထုတ်ပြန်ချက်ကို အောက်ပါလိပ်စာတွင် ဖတ်ရှုနိုင်ပါသည်။
https://about.fb.com/news/2021/02/an-update-on-Myanmar/
