ရန်ကုန် ဆန် အရောင်း/ဝယ် ပုံမှန်အခြေအနေပြန်ရောက်၊ ကုန်စည်ဒိုင်သို့ တစ်ရက်ဆန်အိတ်ရေ ၅ သောင်းဝင်နေ
ရန်ကုန်ရှိ ဆန်အရောင်း/ဝယ်ဟာ အရင်ကာလတွေထက် ပုံမှန်အခြေအနေကို ပြန်လည် ရောက်ရှိလာနေပါပြီ။ အဲလို ပုံမှန်အခြေအနေနဲ့အတူ လက်ရှိမှာ ဆန်အဟောင်းအပြင် အသစ်ဝင်ရောက်မှုတွေပါ ရှိနေပြီး နေ့စဉ် ဆန်အိတ်ရေ ၅သောင်း လောက် ပုံမှန် ဝင်ရောက်နေတယ်လို့ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်းလမ်း) စာရင်းအရ သိရပါတယ်။
“ကိုဗစ်၁၉ တတိယလှိုင်း အချိန်ကာလထက်စာရင် လက်ရှိအခု အခြေအနေကတော့ အရောင်းအဝယ် ပုံမှန်အခြေအနေနဲ့ လည်ပတ်မှုလေးကို ပြန်ဖြစ်မြောက်လာပါပြီ။ ရောင်းလည်း ရောင်းရပါတယ်။ ဒီအချိန်မှာ ကျွန်တော်တို့ ဆန်သစ်တွေကလည်း ဝင်ရောက်လာတဲ့အတွက်ကြောင့် လက်လီဆိုင်တွေက ပေါ်ဆန်းအသစ်၊ ကျားပျံအသစ်လည်း ဝယ်ယူမှုရှိသလို အဟောင်းကလည်း ဈေးကွက်အသစ်နဲ့တော့ အတော်အတန်လေးတော့ အရောင်းအဝယ် ပြုနေပါတယ်”လို့ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း) ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဝါးတန်းကုန်စည်ဒိုင်အနေနဲ့ လက်ရှိမှာ လက်လီရောင်းချသူများကို ပြန်လည် ရောင်းချပေးနေပြီး ဖျာပုံ၊ ဒေးဒရဲ၊ ကျိုက်လတ်၊ မော်ကျွန်း၊ လပွတ္တာ၊ ကွမ်းခြံကုန်း စတဲ့ မြန်မာပြည် အောက်ပိုင်းဒေသထွက် ဆန်များအပြင် ရွှေဘို အပါအဝင် အထက်ပိုင်းဒေသထွက် ဆန်နဲ့ ဆန်ထွက်ပစ္စည်းအားလုံးကို ရန်ကုန်အတွက် ဖြန့်ဖြူးပေးနေတာလို့ သိရပါတယ်။ လက်ရှိဝင်လာတဲ့ ပေါ်ဆန်းဆန် အသစ်များကိုလည်း တစ်အိတ်လျှင် ၃၇၀၀၀ ကျပ် နှုန်းထားလောက်ဖြင့် ရောင်းချနေသလို၊ ကျားပျံကိုတော့ ၃၈၀၀၀၊ ၃၉၀၀၀ ဈေးနှုန်းလောက်အထိ အရောင်းအဝယ်သွက်နေတယ်လို့ သိရပါတယ်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရဲ့ စာရင်းအရ ပြည်တွင်းစပါးစိုက်ပျိုးမှုမှာ ကုန်ခဲ့တဲ့ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ်အတွင်းက စိုက်ပျိုးဖို့ လျာထားဧက (၁၅ဒသမ၀၆၆) သန်း အနက်မှ (၁၄.၉၂၆) သန်း (၉၉ဒသမ၀၇ရာခိုင်နှုန်း) စိုက်ပျိုးနိုင်ခဲ့ပြီး၊ (၁) ဧက ပျမ်းမျှအထွက်နှုန်း (၇၄ဒသမ၂၅) တင်း ထွက်ရှိခဲ့ပါတယ်။ လက်ရှိလည်း အထွက်နှုန်း တစ်ဧကကို တင်း ၁၀၀ အထိ ရရှိဖို့ လုပ်ဆောင်နေသလို ပြည်ပနိုင်ငံတွေကို ပိုမိုတင်ပို့နိုင်ဖို့ပါ အကောင်အထည်ဖော်နေတာပါ။ မြန်မာဒေသထွက် ဆန်နဲ့ ဆန်ထွက်ပစ္စည်းတွေကို ကမ္ဘာ့နိုင်ငံပေါင်း ၃၀ ကျော်သို့ တင်ပို့နေပြီး အဲဒီထဲမှာ အများဆုံးတင်ပို့ရာ နိုင်ငံကတော့ တရုတ်နိုင်ငံ ဖြစ်သလို အခြားဥရောပနိုင်ငံများနှင့် အာဖရိကနိုင်ငံများသို့လည်း တင်ပို့နေတာပါ။ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ်အတွင်းမှာ ဆန်နဲ့ ဆန်ထွက်ပစ္စည်း တင်ပို့မှုကြောင့် ရရှိတဲ့ ပို့ကုန်ဝင်ငွေဟာ တတိယအဆင့်မှာရှိပြီး အမေရိကန်ဒေါ်လာ (၇၀၀ဒသမ၁၃) သန်း ရရှိခဲ့တာပါ။