မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ ယာဉ်စစ်ဆေးစရာမလိုဘဲ သက်တမ်းတိုးပေးမယ်
ယခုနှစ် ဇွန်လကုန်အထိ မော်တော်ယာဉ်နှင့် ဆိုင်ကယ်များကို ယာဉ်စစ်ဆေးခြင်းမပြုဘဲ သက်တမ်းတိုးခွင့် ပြုသွားမယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ သက်တမ်းကုန်ဆုံးမည့် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ သက်တမ်းတိုးဆောင်ရွက်ရာတွင် ခရီးသည်တင်ယာဉ်မှအပ ကျန်မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များကို ၂၀၂၂ ခုနှစ် ဇွန်လ ၃၀ရက် နေ့အထိ ယာဉ်စစ်ဆေးခြင်းမပြုဘဲ သက်တမ်းတိုး ဆောင်ရွက်ပေးသွားမယ်လို့ ထုတ်ပြန်ထားတာပါ။ ယခင်က သက်တမ်းတိုးလိုတဲ့ ယာဉ်တွေကို မော်တော်ယာဉ်ငယ်ဖြစ်ပါက ၁နှစ် သက်တမ်းတိုးခကို ကနဦး မှတ်ပုံတင်ခ ကျပ်၁၅၀၀၀ နဲ့ ကနဦး ယာဉ်စစ်ဆေးခ ၅၀၀၀ကျပ်၊ မော်တော်ယာဉ်ကြီးဆိုရင် မှတ်ပုံတင်ခ ၃၀၀၀၀ကျပ် နဲ့ ယာဉ်စစ်ဆေးခ ၁၀၀၀၀ကျပ် တို့ကို ပေးဆောင်ရတာပါ။
အခုတော့ ယာဉ်စစ်ဆေးစရာမလိုဘဲ သက်တမ်းတိုးခွင့် ပေးထားတာမို့ ယာဉ်စစ်ဆေးခများ သက်သာမဲ့သဘော ရှိနေပါတယ်။ အဲလိုဆောင်ရွက်မှုကိုလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၂ခု မှာရှိတဲ့ ကညနရုံးပေါင်း ၄၉ခု မှ ဆောင်ရွက်ပေးနေတာလို့ သိရပါတယ်။ လက်ရှိမှာ မော်တော်ယာဉ်တွေအပြင် မှတ်ပုံတင်မဲ့ ဆိုင်ကယ် ပပျောက်ရေးအတွက် ဆိုင်ကယ်တွေကိုပါ လုပ်ဆောင်ပေးတာမို့ ဆိုင်ကယ်တွေအနေနဲ့လည်း model/model year ပေါ်မူတည်ပြီး customs က သတ်မှတ်ကောက်ခံသွားမယ်လို့ ဆိုထားပါတယ်။ လက်ရှိ မော်တော်ယာဉ် သက်တမ်းတိုးလိုတာပဲဖြစ်ဖြစ်၊ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးလိုတာပဲဖြစ်ဖြစ် စိုးရိမ်ပူပန်မှုတွေနဲ့ လုပ်ဆောင်နေကျရတယ်လို့ အငှားယာဉ်မောင်းပြည်သူတစ်ဦးက မှတ်ချက်ပြု ပြောဆိုနေတာတွေလည်း ရှိနေပါတယ်။
