နိုင်ငံတကာအားကစားများပွဲတော်များထဲ ဆောင်းရာသီအိုလံပစ် စတင်ခြင်း
၂၀၂၁ ခုနှစ် တွင် ကမ္ဘာတစ်ဝှမ်းရှိ ကိုဗစ်၁၉ ကပ်ဆိုးကြီးကြောင့် နိုင်ငံတကာမှာ အားကစားပြိုင်ပွဲများ ကျင်းပရန် ရပ်နားရွှေ့ဆိုင်းခဲ့ပြီး ပြည်တွင်းအားကစား ပြိုင်ပွဲများလည်း ကျင်းပနိုင်ခြင်း မရှိခဲ့ဘဲ ယခု ကိုဗစ်၁၉ရောဂါ လျော့နည်းလာပြီး ရောဂါကာကွယ်မှု နည်းလမ်းများ ပြုလုပ်နိုင်ပြီ ဖြစ်တာကြောင့် ၂၀၂၁ ခုနှစ် အတွင်း နိုင်ငံတကာ အားကစားပြိုင်ပွဲများ ကိုဗစ်၁၉ စည်းကမ်းနှင့်အညီ ပြန်လည် ကျင်းပလာကြပါတယ်။
ဆောင်းရာသီအိုလံပစ်စတင်ခြင်း
အိုလံပစ် အားကစားပွဲတော်ဆိုတာ အပြည်ပြည်ဆိုင်ရာမှ ဝင်ရောက်ယှဉ်ပြိုင်သည့် အားကစားနည်းမျိုးစုံ ပါဝင်သည့် ကစားပွဲကြီးတစ်ခု ဖြစ်ပါတယ်။ အိုလံပစ် အားကစားပွဲအား ကာလအပိုင်းအခြား နှစ်ခုဖြင့် ရှုမြင်နိုင်ပါတယ်။ ယင်းတို့မှာ ဂရိလူမျိုးတို့၏ မူလပထမ ရှေးဟောင်းအိုလံပစ်ပွဲဖြစ်ပြီး၊ ဒုတိယတစ်မျိုးမှာ ယခုနိုင်ငံတကာမှ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ခေတ်ပေါ်အိုလံပစ် အားကစားပွဲတို့ ဖြစ်ပါတယ်။ ပြိုင်ပွဲတွင် ပါဝင်တဲ့ အားကစားအမျိုးအစားများနှင့် ပတ်သက်လို့တော့ နွေရာသီနှင့် ဆောင်းရာသီ စတဲ့ ရာသီအလိုက် ကစားရတဲ့ အားကစားအမျိုးအစားများအပေါ် မူတည်ပြီး အားကစားနည်း ၃၀ကျော် ၄၀ကျော် စသဖြင့်၊ သတ်မှတ်ယှဉ်ပြိုင်သလို ၂၀၁၆ ခုနှစ် က ကျင်းပခဲ့တဲ့ အိုလံပစ် အားကစားပွဲတော်အတွင်းက နိုင်ငံပေါင်း (၂၀၆)နိုင်ငံ မှ အားကစားနည်း (၃၀၆)နည်း တွင် ပြိုင်ပွဲဝင် (၁၁,၂၃၈)ဦး အထိ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အခြေအနေလည်း ရှိခဲ့ပါတယ်။
လာမယ့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၄ရက် နေ့တွင်လည်း တရုတ်နိုင်ငံ ဘေကျင်းမှာ ပြုလုပ်မယ့် ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲတွေ ကျင်းပတော့မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့လည်း ၂၀၀၈ ခုနှစ် အတွင်းက ၂၉ကြိမ် မြောက် အိုလံပစ်အားကစားပွဲကို အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခဲ့ပြီး ယင်းနှစ်ကတော့ နွေရာသီ အိုလံပစ်အားကစားပွဲအဖြစ် ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ကိုဗစ် စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာတော့ ယခုတွင် ကာကွယ်ဆေးထိုး လုပ်ငန်းစဉ်တွေ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပြီးနောက် ပြန်လည် နိုးထလာတဲ့ လူမှုအသိုင်းအဝန်းအတွက် ၂၀၂၂ နှစ်သစ်မှာ အိုလံပစ်အားကစားပွဲတော်ကို အစပြု၍ နိုင်ငံအတွင်းက ပြည်သူတွေအတွက် ပျော်ရွှင်စရာနှင့် အားကစားပွဲတော်များကိုလည်း မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကျင်းပဖို့ လုပ်ဆောင်လာတာဖြစ်ပြီး ဒါကိုကြည့်ခြင်းအားဖြင့် ကိုဗစ်၁၉ ကနေ အလျင်မြန်ဆုံး ရှင်သန်ထမြောက်ရာ နိုင်ငံအဖြစ် မှတ်ချက်ပြု ဆိုရမှာဖြစ်တယ်။
မြန်မာ့အိုလံပစ်သမိုင်း
မြန်မာနိုင်ငံဟာ နွေရာသီ အိုလံပစ်ပြိုင်ပွဲကို အကြိမ်ကြိမ် ပါဝင်ခဲ့ဖူးသော်လည်း ဆောင်းရာသီ အိုလံပစ်တွင် မည်သည့်အခါမှ ပါဝင် ယှဉ်ပြိုင်ခြင်း မရှိခဲ့ဖူးပါဘူး။ အဓိကအကြောင်းအရင်းမှာ မြန်မာနိုင်ငံသည် အပူပိုင်းဒေသ နိုင်ငံတစ်ခုဖြစ်ပြီး ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲစဉ် အများစုဟာ အေးသောရာသီဥတုအလိုက် ကစားရသော အားကစားများ ဖြစ်တာကြောင့် ဖြစ်ပါတယ်။
မြန်မာနိုင်ငံ အမျိုးသားအိုလံပစ်ကော်မတီကို ၁၉၄၇ ခုနှစ် တွင် စတင်ဖွဲ့စည်းခဲ့ပြီး ထိုနှစ်မှာပင် နိုင်ငံတကာအိုလံပစ်ကော်မတီ၏ အသိအမှတ်ပြုခြင်း ခံခဲ့ရပါတယ်။ ၁၉၉၂ ခုနှစ်၊ ဘာစီလိုနာမြို့၌ ကျင်းပသော အိုလံပစ်အားကစားပြိုင်ပွဲမှ စတင်၍ မြန်မာနိုင်ငံဟာ ၄င်း၏ ပါဝင်ယှဉ်ပြိုင်သော အင်္ဂလိပ်အမည်ကို "Burma" မှ "Myanmar" သို့ ပြောင်းလဲခဲ့သောနှစ် ဖြစ်ခဲ့ပါတယ်။ (၃၂) ကြိမ်မြောက် Tokyo Olympic Games ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲကို မြန်မာနိုင်ငံမှ အားကစားနည်း (၇)မျိုး ပါဝင်ယှဉ်ပြိုင်ရန် လျှောက်ထားခဲ့သော်လည်း ပြေးခုန်ပစ်နှင့် ကြက်တောင်အားကစားနည်း (၂)မျိုး သာ ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။
ကိုဗစ်နဲ့အတူယှဉ်တွဲနေထိုင်ယင်းအားကစားပွဲတော်များ
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ အားကစားပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ရေး၊ ပြည်တွင်းအားကစားပြိုင်ပွဲများ ကိုဗစ်၁၉ စည်းကမ်းနှင့်အညီ ပြန်လည် ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးတွေကို လုပ်ထားပြီး လာမယ့် အိုလစ်ပစ်အားကစားအပြင် နိုင်ငံတကာကျင်းပမယ့် အားကစားပွဲတွေအတွက် တိုင်းနဲ့ပြည်နယ်အလိုက် အားကစားနည်းမျိုးစုံပြိုင်ပွဲတွေ၊ စခန်းသွင်းလေ့ကျင့်ခြင်းတွေ လုပ်ဆောင်နေပေမယ့်လည်း လက်တလော ကိုဗစ်အခြေအနေ ပြည်တွင်းရေး အခြေအနေ အရပ်ရပ်တွေကြောင့် ရုန်းကန်ထရမယ့် အခြေအနေလို့ ဆိုရမှာပါ။
ကိုဗစ်၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့ချိန် ၂၀၂၀ ခုနှစ် အတွင်းကစလို့ ခက်ခဲတဲ့ အခြေအနေတွေကို ကျော်ဖြတ်ခဲ့ရပြီး ပြည်တွင်းက အားကစားပြိုင်ပွဲတွေ ရပ်နားရတာ၊ နိုင်ငံတကာပြိုင်ပွဲတွေကို သွားရောက်ယှဉ်ပြိုင်ရတာ မရှိသလောက် နည်းပါးခဲ့တာကြောင့် အားကစားသမားတွေရဲ့ ဘဝရပ်တည်မှုနှင့် လေ့ကျင့်ခြင်း အစီအစဉ်တွေအတွက်ပါ ခက်ခဲခဲ့ရပါတယ်။
ယခု ၂၀၂၂ ခုနှစ် မှာလည်း ကိုဗစ်၁၉ အခြေအနေကြောင့် ကျန်းမာရေးရှုထောင့်အရလည်း ဖြတ်ကျော်ရမယ့် ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်ခြင်း အနေအထား ဖြစ်တာကြောင့် ပြည်တွင်းအားကစားပွဲများ ကြီးကြီးမားမား ဆက်လက်ကျင်းပဖို့ရာမှာ မလွယ်ကူလှသော်လည်း မြန်မာပြည်သူများရဲ့ ကျန်းမာခြင်းနှင့် ကြံ့ခိုင်ခြင်းတို့ကို အားပေးလုပ်ဆောင်ဖို့ ကိုယ်လက်လှုပ်ရှား အားကစားပွဲများ၊ ပျော်ပွဲရွှင်ပွဲများအပြင် နိုင်ငံတဝှမ်း အားကစားပြိုင်ပွဲတွေနဲ့ မြိုင်ဆိုင်စည်ကားနေတဲ့ မြန်မာနိုင်ငံကြီးကို ပြန်လည် မျှော်လင့်သလို မြန်မာနိုင်ငံ၏ အိုလံပစ်ခရီးစဉ်ဟာလည်း ယခုထက် ပိုမိုနီးကပ်လာမယ့် အနာဂတ်နေရာ တစ်ခုစီသို့ ရောက်ရှိလာလိမ့်မယ်လို့ ယုံကြည်ရင်းသာ.....