ပုဂံ သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေး စီမံကိန်း စတင်ခြင်းအခမ်းအနား ပြုလုပ်ကျင်းပ
တရုတ်နိုင်ငံက အကူအညီပေးအပ်သော ပုဂံသဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေး စီမံကိန်းစတင်ခြင်း အခမ်းအနားကို ယနေ့ ဇန်နဝါရီလ ၈ရက် နေ့ နံနက် ၁၁နာရီ ၌ ပုဂံသဗ္ဗညုဘုရား တည်ရှိရာနေရာတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံနှင့် ဝန်ကြီးဌာန တာဝန်ရှိသူများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်၊ သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံအမတ်ကြီး Mr.Chen Hai၊ နှင့် သံရုံးတာဝန်ရှိသူများ၊ မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ် Mr.Chen Chen နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr.Chen Hai က “ဒီနေ့မှာ တရုတ်နိုင်ငံက အကူအညီပေးအပ်တဲ့ ပုဂံသဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေး စီမံကိန်း တရားဝင် စတင်တော့မှာ ဖြစ်ပါတယ်။ ပုဂံစေတီပုထိုးတွေက မြန်မာပြည်သူတွေရဲ့ ယဉ်ကျေးမှုရတနာဖြစ်သလို ကမ္ဘာကျော် နာမည်ကျော်ကြားတဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်လည်း ဖြစ်ပါတယ်။ သဗ္ဗညုဘုရားက ပုဂံမှာ ဉာဏ်တော်အမြင့်ဆုံး စေတီပုထိုးဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အမည်ကျော် စေတီပုထိုးတွေထဲက တစ်ဆူလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံ ယဉ်ကျေးမှုအမွေအနှစ်ဌာနနဲ့ မြန်မာနိုင်ငံ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနတို့က အကြိမ်များစွာ ဆွေးနွေးပြီးနောက် တရုတ်နိုင်ငံက ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းမှု ဆောင်ရွက်ဖို့ အတူအတည်ပြုခဲ့ပြီး တရုတ်နိုင်ငံ စန်ရှီးပြည်နယ်နဲ့ ယူနန်ပြည်နယ်က နည်းပညာအဖွဲ့က တာဝန်ခံ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
၂၀၁၉ ခုနှစ် မေလ ကစပြီး တရုတ်နိုင်ငံက ဘုရားအဆောက်အအုံအပိုင်း ဖွဲ့စည်းပုံကို အကဲဖြတ်ခြင်း၊ ဘုရားအရေးပေါ် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း၊ အထွေထွေပြုပြင်ထိန်းသိမ်းရေး အစီအစဉ် အသေးစိတ်ဒီဇိုင်း စတဲ့လုပ်ငန်းတွေကို ဖော်ဆောင်ပြီး ဖြစ်ပါတယ်။ ယခုအကြိမ် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း စတင်မှု အခွင့်အခါကြုံခိုက် တရုတ်အဖွဲ့က မြန်မာနိုင်ငံနဲ့အတူ ကုလသမဂ္ဂပညာရေး၊ သိပ္ပံနဲ့ယဉ်ကျေးမှုအဖွဲ့ (UNESCO) ရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး တောင်းဆိုချက်အရ လုပ်ဆောင်ဆောင်ရွက်သွားမှာ ဖြစ်သလို အကောင်းဆုံးအရည်အချင်းနဲ့ သဗ္ဗညုဘုရား တစ်ခုလုံးရဲ့ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းကို ဘက်စုံဖော်ဆောင်ကာ လူသားတို့ရဲ့ ဘုံယဉ်ကျေးမှု အမွေအနှစ်ကို အတူတကွ ထိန်းသိမ်းသွားမှာ ဖြစ်တယ်လို့လည်း သံအမတ်ကြီးက ဆိုခဲ့ပါတယ်။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံက “အခုလို နှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်ခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းတွေဟာ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရာမှာ အရေးပါပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ခြင်းမှတဆင့် အနာဂတ် မျိုးဆက်သစ်များအတွက် နည်းပညာ ဝေငှလက်ဆင့်ကမ်းပေးမှု၊ စနစ်တကျ ပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရင်းနှီးမှုတွေ ပိုမို ခိုင်မာလာနိုင်မှာ ဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
သဗ္ဗညုဘုရားကြီး ပြုပြင်ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီးတော့ ၂၀၀၉ ခုနှစ် မိုးရာသီမတိုင်မီက အရေးပေါ် ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများ၊ ငလျင်နှင့် ပတ်သက်ပြီး လေ့လာခြင်း၊ 3D Scan ဖတ်ခြင်း၊ ဘုရားနှင့် အနီးဝန်းကျင် မြေအနေအထား ကွင်းဆင်းလေ့လာခြင်းအပြင် အက်ကွဲကြောင်းတွေ၊ မိုးရေစိမ့်မှု မရှိအောင် ရေပိတ်လွှာလောင်းခြင်း၊ ကွမ်းတောင်နဲ့ စတုတ္ထပစ္စယာများ ကြံ့ခိုင်စေဖို့ ကြိုတင်ဆောင်ရွက်ခဲ့ပြီး အရေးပေါ် ထိန်းသိမ်းမှု လုပ်ငန်းတွေနဲ့ ဘုရားကြီး လက်ရှိအခြေအနေတွေကိုလည်း အမြဲမပြတ် သက်ဆိုင်ရာဌာနတွေနဲ့ စောင့်ကြည့်စစ်ဆေး ဆောင်ရွက်လျက်ရှိတယ်လို့ ဝန်ကြီးဌာနမှ ဆိုပါတယ်။ ထို့နောက် အခမ်းအနားတွင် အမှတ်တရလက်ဆောင် အပြန်အလှန် လဲလှယ်ခဲ့ပြီး တက်ရောက်လာသူများနှင့် အခမ်းအနားမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။
သဗ္ဗညုဘုရား တည်ရှိတဲ့ ပုဂံက ဧရာဝတီမြစ်ကမ်းဘေးမှာ တည်ရှိပြီး တရုတ်နိုင်ငံနဲ့ တစ်မြစ်တည်း ဆက်စပ်နေသလို တရုတ်-မြန်မာ နှစ်နိုင်ငံက ပုဂံစေတီ ပြုပြင်ထိန်းသိမ်းရေး ပူးပေါင်းဆောင်ရွက်မှု ဖော်ဆောင်တာဟာ နှစ်နိုင်ငံက ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးနဲ့ ယဉ်ကျေးမှု အနုပညာနယ်ပယ်မှာ ကူးလူးဖလှယ်မှုကို မြှင့်တင်ပေးခြင်းဖြင့် နှစ်နိုင်ငံရဲ့ “ဗုဒ္ဓရေစက်” ကို ပိုမိုနက်ရှိုင်းစေကာ ယခုစီမံကိန်းက တရုတ်-မြန်မာ ချစ်ကြည်ရေးသမိုင်း မှတ်တမ်းထဲမှာ မှတ်ကျောက်တင်သွားမှာ ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဆိုပါတယ်။ ၂၀၀၆ ခုနှစ် ဩဂုတ်လ ၂၄ရက် နေ့က လှုပ်ခတ်ခဲ့တဲ့ မြေငေလျင်ကြောင့် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ စေတီပုထိုးများအနက် (၃၈၉) ဆူ ထိခိုက်ခဲ့ရပြီး ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရဲ့ ဉာဏ်တော်အမြင့်ဆုံးဖြစ်တဲ့ သဗ္ဗညုဘုရားရဲ့ အဆောက်အအုံ အပေါ်ပိုင်းမှာလည်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရကာ အက်ကွဲကြောင်းများ ဖြစ်ပေါ်ခဲ့ရတဲ့ အခြေအနေ ဖြစ်ပါတယ်။
ထို့အပြင် အဆိုပါပြင်းထန်တဲ့ ငလျင်ဖြစ်ပွားခဲ့ပြီး ပုဂံဒေသက စေတီပုထိုးတွေဟာ မတူညီတဲ့ အတိုင်းအတာ ပျက်စီးမှုတွေ ဖြစ်ခဲ့တာကြောင့် တရုတ်နိုင်ငံအစိုးရက အမြန်ဆန်ဆုံး ပညာရှင်အဖွဲ့ စေလွှတ်၍ ပုဂံဒေသမှာ လာရောက်လေ့လာခိုင်းခဲ့ပြီး မြန်မာနိုင်ငံနဲ့အတူ စေတီပုထိုး ပြုပြင်မွမ်းမံရေး အစီအစဉ်များ ဆွေးနွေးညှိနှိုင်းခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက ကနဦးအရေးပေါ် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာမှာ ကူညီပေးဖို့ မြန်မာနိုင်ငံထံ အမေရိကန်ဒေါ်လာ ၁ သန်း လှူဒါန်း ပေးအပ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် မှာ ပေကျင်းမှာ ပထမအကြိမ် “Belt and Road” နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ် ကျင်းပတဲ့ ကာလအတွင်းမှာ တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက်က “ငလျင်အလွန် ပုဂံရှိ သမိုင်းဝင်အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်” ကို လက်မှတ်ရေးထိုးခဲ့ပြီး နှစ်နိုင်ငံက ပုဂံစေတီပုထိုးတွေ စတဲ့ အရေးပါသမိုင်းဝင် အဆောက်အအုံတွေ ပြုပြင်မွမ်းမံရေးနဲ့ ထိန်းသိမ်းရေးနယ်ပယ်မှာ ရေရှည်ပူးပေါင်း ဆောင်ရွက်မှုအတွက် ခိုင်မာတဲ့ အုတ်မြစ်အခြေခံ ချပေးခဲ့ပါတယ်။




