ကျပ် ၁၉ သိန်း တန်းကို တရွေ့ရွေ့ လှမ်းလာတဲ့ ရွှေဈေး၊ အတက်ဘက်ကို ဦးတည်နေသလား?
ဒေါ်လာစျေး၊ ကမ္ဘာ့ရွှေစျေးတို့နဲ့အတူ ပြည်တွင်းရွှေစျေး လိုက်ပါမြင့်တက်ခဲ့ရာ လာမယ့်ရက်သတ္တပတ်များ အတွင်းလည်း အတက်ဘက်ကို အားသာနေဦးမယ်လို့ ရွှေလုပ်ငန်းလုပ်ကိုင်သူအချို့နှင့် လေ့လာသုံးသပ်သူများက ဆိုနေပါတယ်။ ရွှေလုပ်ငန်းလုပ်ကိုင်တဲ့ ပိုင်ရှင်တစ်ဦးက “ရေရှည်ကတော့ ကမ္ဘာ့ရွှေဈေးနဲ့ ဒေါ်လာဈေးအပေါ် မူတည်ပါတယ်။ ဗဟိုဘဏ်ကလည်း ဒေါ်လာတွေ ထုတ်ရောင်းပြီး ဈေးကွက်ကို ထိန်းသိမ်းမယ့်သဘော ရှိတယ်။ ဒီမနက် ရွှေဈေးအရလည်း တက်နေတုန်းပဲ ဆိုတော့ ဒီအတိုင်းဆိုရင် ဈေးက ဆက်တက်နေဦးမှာပဲ။ ဒီရက်ပိုင်းအတွင်းတောင် ၁၉သိန်း တန်းလောက် ပြန်ဖြစ်သွားနိုင်တယ်” လို့ MFN ရဲ့ သီးသန့်ဆက်သွယ် မေးမြန်းမှုအပေါ် သူ့အမြင်ကို ပြောပါတယ်။
မနေ့က (ဇန်နဝါရီ ၂၀ရက်) မနက်ပိုင်းမှာ အကယ်ဒမီမီးလင်းရွှေ တစ်ကျပ်သားကို ၁၈သိန်း၈သောင်း၄ထောင် ထိ စျေးမြင့်တက်ခဲ့ပြီး ကုန်ခဲ့တဲ့ ဒီဇင်ဘာတတိယပတ်ကစပြီး အလှုပ်အခတ်များခဲ့တဲ့ ကမ္ဘာ့ရွှေဈေးဟာ ကမ္ဘာ့ရွှေ ၁အောင်စကို ဇန်နဝါရီ ၁၉ရက် နေ့က အမေရိကန်ဒေါ်လာ ၁၈၁၂ဒေါ်လာ သာ ရှိခဲ့ရာမှ ဇန်နဝါရီ ၂၀ရက် မနက်ပိုင်းမှာ တစ်အောင်စကို ၁၈၃၉ဒေါ်လာ ထိ မြင့်တက်ခဲ့ပါတယ်။
ရွှေနှင့်ဒေါ်လာဈေးများအပေါ် လေ့လာသုံးသပ်နေသူ တစ်ဦးက “မြန်မာ့ရွှေစျေး ဆက်တက်နိုင်ခြေ ရှိသေးလားဆိုတော့ မြန်မာ့ရွှေဟာ ဒီတစ်ပတ်တာအတွင်း ၁၈သိန်း၈သောင်း ဝန်းကျင်ထိ အမြင့်ဆုံးတက်ခဲ့ပြီး ၁၉သိန်း နားမှာပဲ ဆက်လက် ရှိနေပါတယ်။ ၁၈သိန်းခွဲ နဲ့ ပြန်ရှိလာပေမယ့် အရင်ဈေးတန်းကို ပြန်မရောက်သေးဘူး လာမည့်အပတ်ထဲ ဆက်တက်ဖို့ များပါတယ်။ ပြင်ပဒေါ်လာဈေးကလည်း ၁ဒေါ်လာ ၁၉၈၀ အထက် ရောက်ရှိနေဆဲမို့ လက်ရှိ ကမ္ဘာ့ရွှေစျေးဟာ အတက်ဘက် အားသာနေပါတယ်။ ကမ္ဘာ့ရွှေတက်ရင် မြန်မာ့ရွှေပါ အတက်ဘက် မြင်ရနိုင်ပါတယ်” လို့ သုံးသပ်ပြောပါတယ်။
လက်ရှိတွင်လည်း ပြည်ပနိုင်ငံတွေထံ ရွှေနဲ့လက်ဝတ်ရတနာ တင်ပို့မှုတွင် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅သောင်း အောက်ဖြစ်ပါက ကြေးနန်းငွေလွှဲပို့စနစ် (Telegraphic Transfer-TT) စနစ်ဖြင့် ဆောင်ရွက်ခွင့်ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က ကြေညာထားပြီး၊ ဒီအပြောင်းအလဲကြောင့် ပြည်ပနိုင်ငံတွေထံ ရွှေတင်ပို့မှုဈေးကွက် ပြန်လည်အသက်ဝင်လာမယ်လို့ ဆိုပါတယ်။ အဲ့ဒီဆောင်ရွက်ချက်ဟာ ၂၀၂၀ ခုနှစ် သြဂုတ်လအတွင်းက စီးပွားရေးကူးသန်းဝန်ကြီးဌာနက ငွေကြေးခဝါချမှု ကာကွယ်ဖို့ မြန်မာ့ရွှေ ပြည်ပတင်ပို့မှုတွင် ငွေလွှဲငွေပေးချေမှုအတွက် ဘဏ်အချင်းချင်း ဝန်ဆောင်မှုပေးတဲ့ ဘဏ်ငွေလွှဲစာတမ်းစနစ် (Letter of Credit–LC) ကိုသာ ခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက ဗဟိုဘဏ်အနေနဲ့ ကြေးနန်းငွေလွှဲပို့မှုစနစ် (Telegraphic Transfer-TT) စနစ်ကို မူအားဖြင့် ခွင့်ပြုပေးဖို့ ဗဟိုဘဏ်က ပြောခဲ့တယ်လို့ သိရှိရပြီး၊ ယခုသတ်မှတ်ချက်အရ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ ၅သောင်း အထက်ကိုသာ LCစနစ် ဆောင်ရွက်ရမှာဖြစ်ကာ ပြည်ပကို ရွှေတင်ပို့ ရောင်းချလိုသူတွေအနေနဲ့ One Stop Services Center ကို လျှောက်ထားဆောင်ရွက်နိုင်တယ်လို့ YGEA က အသိပေးထားပါတယ်။


