တစ်စတစ်စနဲ့ ဈေး ၂ ဆ မြင့်တက်နေတဲ့ ဘိလပ်မြေ ဈေးကွက်
ပြည်တွင်းဘိလပ်မြေ လိုအပ်ချက်က တစ်နှစ်ကို တန်ချိန် ၁၁သန်း ခန့်ရှိနေပြီးတော့ နှစ်စဉ်ဆိုသလို ပြည်ပမှ တန်ချိန် ၁သန်း ခန့် တင်သွင်းနေရတာပါ။ ယခုနှစ်မှစပြီး ပြည်တွင်းသို့ ဘိလပ်မြေတင်သွင်းတာကို သွင်းကုန်လိုင်စင်နဲ့သာ တင်သွင်းခွင့်ပြုတော့မှာဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ လက်ရှိပြည်တွင်းမှာ နိုင်ငံပိုင်စက်ရုံတွေရဲ့ ဘိလပ်မြေထုတ်လုပ်မှုကလည်း ကျဆင်းနေပြီးတော့ ပြည်ပတင်သွင်းမှုတွေကလည်း နည်းပါးလာတဲ့ အခြေအနေပါ။ အဲလိုအခြေအနေတွေကြောင့် ပြည်တွင်းဘိလပ်မြေ ဈေးကွက်ဟာ ဖေဖော်ဝါရီလ နောက်ပိုင်းကစပြီး တစ်စတစ်စနဲ့ ၁၁လ အတွင်းမှာ ဈေးနှုန်း ၂ဆ ဆိုသလို မြင့်တက်နေတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေထံက သိရပါတယ်။
“ယခင်က ဖေဖော်ဝါရီ မတိုင်ခင်ကဆိုရင် ဘိလပ်မြေတစ်အိတ် ၄၈၀၀ကျပ် ကနေ အမြင့်ဆုံးဈေးနှုန်းက ၅၆၀၀ကျပ် ထိမှာ ရှိခဲ့တယ်။ အဲနောက်ပိုင်းကစပြီး တစ်စတစ်စနဲ့ ကျပ်၇၉၀၀ ကနေ အခု ၉၅၀၀၊ တစ်အိတ်ကို ကျပ်၁သောင်း နှုန်းထိတောင် ဈေးမြင့်နေတယ်။ ဈေး ၂ဆ ပေါ့နော်။ ဒါတောင် ထပ်တက်မယ့် အလားအလာမှာ ရှိတယ်” လို့ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးက MFN သီးသန့်မေးမြန်းတာကို ဆိုပါတယ်။ ပွင့်လင်းရာသီ ရောက်လာတာနဲ့အမျှ ဆောက်လုပ်ရေးကဏ္ဍတွေမှာ မရှိမဖြစ်ဆိုသလို ဘိလပ်မြေသုံးစွဲမှုဟာ အဓိက အရေးပါနေတာပါ။ အခုလို ဈေးနှုန်း ၂ဆ မြင့်တက်သွားတာကြောင့် ဆောက်လုပ်ရေးကဏ္ဍတွေမှာ တွက်ခြေမကိုက်သလို ဆောက်မယ့်သူတွေကလည်း အကျဘက် ပြန်ရောက်လာနိုင်မလားဆိုတဲ့ စိတ်နဲ့ စောင့်ကြည်နေကြတယ်လို့ ၎င်းက ပြောကြားခဲ့ပါတယ်။
လက်ရှိ ပြည်တွင်းဈေးကွက်အတွင်းမှာ အယ်လ်ဖာဘိလပ်မြေ တစ်အိတ်လျှင် ၁၀၀၀၀ကျပ်၊ ဆင်နှစ်ကောင်အမှတ်တံဆိပ် ဘိလပ်မြေတအိတ် ၁၁၀၀၀ကျပ်၊ ကြံ့နှစ်ကောင်တံဆိပ် ဘိလပ်မြေတအိတ် ၉၅၀၀ကျပ်၊ အပါချီတံဆိပ်မှာ ၉၀၀၀ကျပ် အထိရှိနေပြီးတော့ နေရာဒေသအချို့လိုက် ဈေးနှုန်းကွဲပြားနိုင်ပါတယ်။ ပြည်တွင်းမှာ ပုဂ္ဂလိကပိုင် ဘိလပ်မြေစက်ရုံ ၁၇ရုံ နဲ့ နိုင်ငံပိုင်စက်ရုံ ၃ရုံ ရှိပြီး တစ်နှစ်မှာ တန်ချိန် ၉သန်း အထိ ထုတ်လုပ်နိုင်မယ်လို့ စက်မှုဝန်ကြီးဌာနက ဆိုထားပါတယ်။ ဒီအပြင် မန္တလေးတိုင်း၊ သာစည်မြို့နယ် ပြည်ညောင်ကျေးရွာအနီး ဘိလပ်မြေ တန်၆၀၀၀ ကျစက်ရုံ တိုးချဲ့တည်ဆောက်နေတယ်လို့ ကုန်ခဲ့တဲ့ ဇန်နဝါရီ ၁၆ရက် က နိုင်ငံပိုင်သတင်းစာကနေတဆင့် အသိပေးထားပါတယ်။

