> 首页 > MFN

မှတ်တမ်းတင်ထားခြင်း လုံးဝမရှိသေးသည့် ကြိုးကြာခေါင်းမည်း ဌက်မျိုးစိတ်သစ် တစ်မျိုး မိုးယွန်းကြီး အင်း ဘေးမဲ့တောတွင် တွေ့ရှိ

မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ယခုလို ဆောင်းရာသီဟာ ကမ္ဘာအရပ်ရပ်က ဆောင်းခိုငှက်များ ပျံသန်းနားခိုရာ နေရာတစ်ခုဖြစ်ပြီး၊ ဆောင်းရာသီ ကာလတစ်လျှောက်လုံး နေထိုင်ကျက်စားပြီးနောက် နွေရာသီဖြစ်တဲ့ မတ်လနှင့် ဧပြီလများတို့တွင်မှ ငှက်များဟာ ပြန်လည် ထွက်ခွာသွားမှာ ဖြစ်ပါတယ်။ ယခုနှစ် ဆောင်းရာသီကာလ ဒီဇင်ဘာလ အတွင်းတွင်လည်း ငှက်မျိုးစိတ်ပေါင်းများစွာ အများဆုံး ဝင်ရောက်နားခိုရာနေရာ ဘေးမဲ့တော၌ မှတ်တမ်းတင်ထားခြင်း လုံးဝမရှိသေးသည့် ကြိုးကြာခေါင်းမည်း ငှက်မျိုးစိတ်သစ်တစ်မျိုးကို ပထမဆုံးအကြိမ် မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ မိုးယွန်းကြီးဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရှိရပါတယ်။ ဒီဇင်ဘာလအတွင်း လာရောက်ကျက်စားတဲ့ ငှက်မျိုးစိတ်များကို စာရင်းကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်စဉ် တွေ့ရှိခဲ့တာဖြစ်ပြီး ဘေးမဲ့တောနှင့် ဆက်စပ်ဧရိယာဖြစ်တဲ့ လယ်ကွင်းနှင့် ငါးကန်အနီး ကြိုးကြာခေါင်းနီငှက်နှင့်အတူ အဆိုပါ ခေါင်းမည်းငှက်တစ်ကောင်ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ကြိုးကြာခေါင်းနီငှက်များဟာ အုပ်စုလိုက် နေထိုင်ကြပြီး၊ ယခုတစ်ကောင်တည်းသော ကြိုးကြာခေါင်းမည်းဟာ ရောနှောပါဝင် ဝင်ရောက်လာတာ ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံတွင် ဌာနေငှက်ဟုခေါ်တဲ့ ကြိုးကြာခေါင်းနီ (Sarus Crane) နှင့် ဆောင်းရာသီရောက်မှ လာတတ်သည့် ကြိုးကြာခေါင်းမည်း (ဆောင်းခိုငှက်) တို့ မျိုးစိတ် ၂မျိုး ကို တွေ့နိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ ငှက်မျိုးစိတ်များကို လေ့လာသုတေသနပြုနေသူ ပညာရှင်များမှ ပြောဆိုထားပါတယ်။ ကြိုးကြာငှက်များဟာ မျိုးစဉ် Gruiformes မျိုးရင်း၊ Gruidae အုပ်စုရှိ ခြေတံရှည်နှင့် လည်ပင်းရှည်ငှက်အုပ်စုဖြစ်ပြီး၊ ကမ္ဘာပေါ်ရှိ ကြိုးကြာမျိုးစိတ်ပေါင်း ၁၅မျိုး တွင် Antigone Balearica နှင့် Grus ဟူ၍ မျိုးနွယ် ၃မျိုး ရှိတယ်လို့ သိရှိရပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: