ရန်ကုန် မှတ်ပုံတင်လိုအပ်သူ ၇ သိန်းကျော်ရှိနေ
၂၀၂၁ ခုနှစ် အောက်တိုဘာလက ထုတ်ပြန်တဲ့ တိုင်းနဲ့ပြည်နယ်အလိုက်ရှိ ခန့်မှန်းလူဦးရေစာရင်းအရ ရန်ကုန်တိုင်းဟာ တိုင်းနဲ့ပြည်နယ်အားလုံးထဲမှာ လူဦးရေအများဆုံးရှိတဲ့ တိုင်းဒေသကြီးဖြစ်ပြီး စုစုပေါင်း ခန့်မှန်းလူဦးရေ ၈ဒသမ၇သန်း ရှိနေပါတယ်။ အဲလိုသိပ်သည်းလာတဲ့ လူနေမှုတွေ၊ မွေးဖွားနှုန်းမြင့်လာတဲ့ အခြေအနေတွေကြောင့် ရန်ကုန်တိုင်းက အခြားတိုင်းနဲ့ပြည်နယ်တွေထက် နိုင်ငံသားမှတ်ပုံတင်လိုအပ်ချက် မြင့်တဲ့တိုင်းဒေသကြီးလို့ ပြောနိုင်ပါတယ်။ ဒါကြောင့် မှတ်ပုံတင်လိုအပ်ချက်ရှိတဲ့ ပြည်သူတွေကို ဥပဒေအရ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ ပြုနိုင်ငံသား၊ နိုင်ငံသားစိစစ်ခံရမည့်သူ သတ်သေခံကတ်ပြား စတဲ့ ကိုင်ဆောင်သင့်တဲ့ ကတ်ပြားတွေကို စိစစ်ခွင့်ပြု ထုတ်ပေးနေတာပါ။ လက်ရှိအချိန်မှာ ရန်ကုန်တိုင်းနေ ပြည်သူတွေမှာ မှတ်ပုံတင်လိုသူ (၇၁၄၈၂၁)ဦး ရှိတယ်လို့ သိရပါတယ်။ အဲဒီလိုအပ်ချက်အတွက် လက်ရှိမှာ ဖြည့်တင်းဆောင်ရွက်ပြီးတာတော့ (၂၈၄၁၃၀)ဦး ဖြစ်ပြီး (၄၃၀၆၉၁)ဦး ကျန်ရှိနေသေးတာမို့ ပန်းခင်းစီမံချက်နဲ့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
“ရန်ကုန်မှာ ပန်းခင်းစီမံချက်နဲ့ ဆောင်ရွက်တာ မြို့နယ်အားလုံး ၄၅မြို့နယ် ရှိတယ်။ အခုတော့ လျာထားချက်အပေါ်မှာ ရာနှုန်းပြည့်ပြီးစီးတဲ့ မြို့နယ် ၉မြို့နယ် တော့ အောင်မြင်သွားပါပြီ။ ကျန်တာတော့ ၃၆မြို့နယ် ရှိသေးတယ်။ ဆက်လက် ဆောင်ရွက်သွားမယ်” လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးက ပြောပါတယ်။ အဆိုပါ ပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ် မေလမှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလအထိ စီမံကိန်းကာလ သတ်မှတ်ထားပြီး တစ်နိုင်ငံလုံးကို ဆောင်ရွက်ပေးနေတာပါ။ စုစုပေါင်း တစ်နိုင်ငံလုံး မှတ်ပုံတင်လိုအပ်သူက လူဦးရေ ၃သန်း ကျော်မှာရှိနေပြီး အဲဒီထဲက ရန်ကုန်တိုင်းကတော့ အများဆုံးပါ။ လက်ရှိ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ဆိုရင်တော့ မှတ်ပုံတင်လိုအပ်ချက်ရဲ့ ၄၈ဒသမ၅၅ ရာခိုင်နှုန်း ထုတ်ပေးမှု ပြီးစီးခဲ့ပြီလို့ သိရပါတယ်။
မွေးဖွားနှုန်း အသင့်တင့်ရှိတဲ့ မြန်မာနိုင်ငံအနေနဲ့ နှစ်စဉ်တိုးတက်လာတဲ့ လူဦးရေအပေါ် မူတည်ပြီး မှတ်ပုံတင်လိုအပ်ချက် ရှိနေတဲ့အပြင် ဌာနဆိုင်ရာ ရုံးလုပ်ငန်းစဉ်တွေ သိရှိနားလည်မှု အားနည်းချက်တွေကြောင့် မှတ်ပုံတင် အိမ်ထောင်စုစာရင်း မလုပ်ကိုင်သူများစွာ ရှိနေရဆဲပါ။ ဒါ့အပြင် အဲဒီလုပ်ငန်းစဉ်တွေမှာရှိတဲ့ အကျင့်ပျက်ဝန်ထမ်းတချို့ရဲ့ ငွေကြေးများစွာ တောင်းခံနေတဲ့ အခြေအနေတွေ၊ လုပ်ကိုင်ရတဲ့ လုပ်ငန်းစဉ်တွေကြောင့် အချိန်များစွာ ကြာမြင့်တာတွေကြောင့်လည်း လုပ်ကိုင်နိုင်သူ နည်းပါးနေရတာပါ။ လက်ရှိ ပန်းခင်းစီမံချက်နဲ့ ပြုလုပ်ပေးနေစေကာမူ တချို့မြို့နယ်တွေမှာ ငွေကြေးများစွာ တောင်းခံနေတာတွေ ရှိနေဆဲမို့ ဒါတွေကိုလည်း စိစစ်ပြီး ထိရောက်စွာ အရေးယူနိုင်ဖို့ လိုတယ်လို့ မှတ်ချက်ပြုတာတွေလည်း ရှိနေပါတယ်။
