> 首页 > MFN

မှတ်ပုံတင် အစစ်ပြမှ လေယာဉ်စီးလို့ ရမယ်

လာမယ့် ဧပြီလ၁ရက်နေ့မှ စတင်လို့ ပြည်တွင်းလေကြောင်းလိုင်းများဖြင့် ခရီးသွားလာကြမည့် (အသက်၁၆နှစ်နှင့်အထက်) မြန်မာနိုင်ငံသား ခရီးသည်များအနေဖြင့် လေဆိပ်ကောင်တာနှင့် စစ်ဆေးရေးဂိတ်များတွင် နိုင်ငံသားကတ် (မှတ်ပုံတင်)မူရင်းကို ပြသနိုင်မှသာ လိုက်ပါစီးနင်းနိုင်မယ်လို့ MAI(Myanmar Airways International)မှ ကြေညာလာပါတယ်။ ယခုလို ကြေညာချက်ဟာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက် အရလို့သိရှိရပြီး လာမယ့်ဧပြီ၁ရက်နေ့စလို့ သက်ဆိုင်ရာဌာနများရဲ့ ထောက်ခံစာများ၊ ကျောင်းသားကတ်၊ ယာဉ်မောင်းလိုင်စင်၊ မြန်မာနိုင်ငံကူး လက်မှတ်တို့ပြပြီး ပြည်တွင်းလေကြောင်း ခရီးသွားလို့မရတော့ပါဘူးလို့လည်း MAIက၎င်းရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။ ပြည်တွင်းလေကြာင်းလိုင်း အသုံးပြုနေတဲ့ ဗိုလ်တစ်ထောင်မြို့နယ်က ပြည်သူတစ်ဦးကလည်း“လက်မှတ်ဝယ်တာကတော့ အွန်လိုင်းကပဲဝယ်ဝယ်၊ ကိုယ်တိုင်ပဲဝယ်ဝယ် ကိုယ့်မှတ်ပုံတင်တို့ဘာတို့ အချက်အလက်ပေးပြီး ဝယ်လို့ရတယ်။ လေဆိပ်ရောက်လို့ Boarding Pass (လေယာဉ်ပေါ်တက်ရန်လက်မှတ်)ထုတ်တဲ့ အချိန်ကျရင်တော့ အရင်ကတည်းက မှတ်ပုံတင်က ပြကိုပြရတယ်။ မှတ်ပုံတင်မပြနိုင်ရင် လေယာဉ်ပေါ်ပေးမတက်ဘူး။ တချို့တွေကလည်း ပတ်စ်ပို့ပြတာတို့ မှတ်ပုံတင်နံပါတ်ပါတဲ့ ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုးပြတာလည်း ရှိချင်လည်းရှိမှာပေါ့။ ကိုယ့်အတွေ့အကြုံအရတော့ Boarding Pass ထုတ်ခံနီးရင် မှတ်ပုံတင်ကတော့ ပြရတာပါပဲ”လို့MFNရဲ့ သီးသန့်ဆက်သွယ်မေးမြန်းမှုအပေါ် ပြောပါတယ်။

အဆိုပါ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ပြည်တွင်းလေကြောင်း အသုံးပြုကာ ခရီးသွားလာနေကြတဲ့ ပြည်သူများအကြားတွင်လည်း ဝေဖန်မေးခွန်းထုတ်မှုတွေ ရှိနေပြီး အချို့ကလည်း မှတ်ပုံတင်ကတ် ပျောက်ဆုံးလို့ လဲလှယ်နေတဲ့ အသက်၁၈နှစ်ပြည့်လို့ မှတ်ပုံတင်လဲလှယ်လျှောက်ထားဆဲ အခြေအနေတွေလည်း ရှိလို့ အဆိုပါ အခြေအနေများကို ချွင်းချက်ထား၍ စဉ်းစားပေးလိုတယ်လို့လည်း ပြည်သူများအကြား ပြောဆိုလျက်ရှိပါတယ်။ ပြည်တွင်းလေကြောင်းဖြင့် ခရီးသွားနေကျ ပြည်သူတစ်ဦးက“ဧပြီ၁၂ရက်နေ့ရက်ကုန် မြိတ်ကိုလက်မှတ်၀ယ်ထားပြီးပြီ၊ မှတ်ပုံတင်မူရင်းပါမှ စီးလို့ရမယ်ဆိုတော့ ဘယ်လိုလုပ်ရတော့မလည်း ယာဉ်မောင်း လိုင်စင်လည်းရှိတယ်၊ မှတ်ပုံတင်မိတ္တူလည်းရှိတယ်၊ မွေးစာရင်းတွေလည်းရှိတယ်  ဒီလိုမျိုးအခြေအနေကိုတော့ ကူညီပေးပါလို့ပြောချင်တယ်”လို့ လူမှုကွန်ရက်မှာ သူ့အခြေနေကိုမျှဝေထားပါတယ်။ လက်ရှိတွင် ပြည်တွင်းကိုဗစ်၁၉ ကပ်ရောဂါ အခြေအနေကြောင့်ပြည်ပခရီးသွားများ ဝင်ရောက်ခွင့်နှင့် အပြည်ပြည်ဆိုင်ရာ လေကြောင်းဆိုက်ရောက် ခရီးစဉ်များကို ရပ်နားထားရတဲ့ အခြေအနေမှ နိုင်ငံတကာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်တွင်းသို့လာရောက်မည့် နိုင်ငံခြားသားများ၊ မြန်မာနိုင်ငံသားများ နိုင်ငံတွင်းသို့ ဝင်ရောက်ရာ၌ လွယ်ကူချောမွေ့စေရေးတို့အတွက် နိုင်ငံတကာလေကြောင်း ခရီးစဉ်များအား ဧပြီ၁၇ရက်မှစ၍ ပြန်လည်ပြေးဆွဲခွင့် ပြုလိုက်တယ်လို့ ကိုဗစ်၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး (ဗဟို)ကော်မတီမှ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ လေကြောင်းလိုင်းများအား ဧပြီ(၁၇)ရက်တွင် ပုံမှန်ပြန်လည်ပြေးဆွဲခွင့် ပြုတော့မည်ဖြစ်ရာ နိုင်ငံတကာခရီးသွား ဧည့်သည်များ လာရောက်ကြမည်ဖြစ်၍ အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန်ရှိသည်တို့ကို စီစဉ်ဆောင်ရွက်ထားကြရန်နှင့် နိုင်ငံတကာ ခရီးသွားဧည့်သည်များ လာရောက်ရာတွင် ကျန်းမာရေးဆိုင်ရာ လုံခြုံစိတ်ချမှုရှိစေရန်အတွက် ဟိုတယ်များအနေဖြင့် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းသည့် ဝန်ဆောင်မှုများ ပေးနိုင်ရေးအတွက် Health and Safety Protocolနှင့်အညီ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန်လည်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး သက်ဆိုင်ရာ ဌာနများကို အသိပေးထားပါတယ်။ ကျန်းမာရေးနှင့် ပတ်သက်၍ အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်ပါက မည်သို့ဆောင်ရွက်မည်ကို ကြိုတင်ညှိနှိုင်းဆောင်ရွက်ထားရှိရန် လိုအပ်သလို ခရီးသွားဧည့်သည်များ ခရီးစဉ်ဒေသများသို့ လုံခြုံစိတ်ချစွာ သွားလာနိုင်ရေး၊ တည်းခိုနေထိုင်ရေးတို့အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့ (DMO)များအနေနှင့်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန် လိုအပ်ပြီး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ ဟိုတယ်များ၊ တည်းခိုရိပ်သာများနှင့် Quarantineဟိုတယ်များအားလုံး ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များ ရယူထားရန်၊ ခရီးသွားဧည့်သည်များကို အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်များ ပေးနိုင်ရေးအတွက် Information Counterများအား စနစ်တကျဖွင့်လှစ်ရန် ဝန်ကြီးဌာနမှ စီစဉ်နေတယ်လို့သိရှိရပါတယ်။


郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: