“ဒီဆေးကို မသောက်ပါနဲ့ ကျောက်ကပ်ပျက်စီးမယ်”
ရသေ့ဆေး(သို့) ထိုင်းဗိန်းတောဆေးလို့ မြန်မာပြည်သားတွေ သိကြတဲ့ ထိုင်းနိုင်ငံက သွင်းတဲ့ တိုင်းရင်းဆေး ထုတ်လုပ်တဲ့ နေရာကို ထိုင်းရဲတပ်ဖွဲ့ဝင်များနဲ့ FDAမှ တာဝန်ရှိသူများ ဝင်ရောက်စစ်ဆေး ကြည့်တဲ့အခါမှာ ဆေးရည်ပုလင်း တစ်ပုလင်းမှာ စတီးရွိုက်ဆေးပြား အပြား၇၀နဲ့ အကိုက်အခဲပျောက်ဆေးပြား အပြား၃၀ထိ ထည့်သွင်းထားတာတွေ့ရလို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ထိုင်းနိုင်ငံ FDAထုတ်ပြန်လိုက်ပါတယ်။ ယင်းဆေးဟာ မြန်မာနိုင်ငံမှာလဲ ကျယ်ကျယ်ပြန့်ပြန့် ရောင်းချသုံးစွဲနေကြပြီး ရောဂါသက်သာမှု လျှင်မြန်တာကြောင့် ဒူးနာခါးနာ အရိုးအကြောသမားတွေအပြင် ရောဂါအမျိုးမျိုးအတွက် အသုံးပြုနိုင်တယ်လို့ ကြော်ညာ ရောင်းချနေတာကြောင့် ရေ ပန်းစားနေတာပါ။


သို့ပေမယ့် ဆေးပုလင်းမှာ ပမာဏများပြားစွာပါဝင်တဲ့ ဆေးပြားတွေကြောင့် သောက်သုံးပြီးအစမှာ ရောဂါသက်သာသလို ရှိပေမဲ့ နောက်ပိုင်းမှာ ကျောက်ကပ်ကို ဆိုးရွားစွာထိခိုက်ပျက်ဆီးစေနိုင်ပြီး အသက်သေဆုံးတဲ့အထိ ဖြစ်စေနိုင်လို့ ကျေးဇူးပြုပြီးတော့ မိမိတို့ရဲ့ မိဘဆွေမျိုးတွေနဲ့ မိတ်ဆွေတွေ ဒီဆေးသုံးစွဲနေတာတွေ့ရင် သတိပေးဖို့ လူမှုကွန်ရက်သုံးစွဲသူများအကြား မျှဝေနေကြပါတယ်။ ထိုဆေးအကြောင်း သိသူတစ်ဦးက“ဒီသတင်းတွေ့တော့ကြောက်စရာကောင်းပြီး အံ့ဩရပါတယ်။ မြန်မာဘက်မှ ၂သောင်းလောက် ပေးဝယ်ရတာပါ။ အသိတွေကလည်း ဒူးနာခါးနာအတွက် ကောင်းတယ်လို့ ညွှန်းဖူးတယ်။ အခုတော့ ဒီသတင်းတွေ့ပြီး လန့်သွားတယ်။ ကိုယ့်အချင်းချင်းလည်း သတိပေးဖြစ်တယ်။ မြန်မာပြည်မှာ နာမည်ကြီးတဲ့ ဆေးတစ်ခုဖြစ်လို့ အချင်းချင်းအန္တရာယ်ရှိတာကို ပြန်လည်မျှဝေကြပါ”လို့MFNရဲ့ သီးသန့်ဆက်သွယ်မေးမြန်းမှုအပေါ် ပြန်လည်ပြောဆိုပါတယ်။


ထိုင်းFDAရဲ့ အဆိုအရ အဆိုပါဆေးများနှင့် ပတ်သက်လို့ ဗဟိုရဲတပ်ဖွဲ့က စုံစမ်းနေပြီး FDAနှင့် ပူးပေါင်းပေးဖို့ ပြည်သူများသို့ ဆော်ဩထားပြီး အန္တရာယ်ရှိသော စတီးရွိုက်များ ရောစပ်ထားသောကြောင့် ဆေးဖက်ဝင်အပင်ဖျော်ရည်များကို ပျော်ဝင်စေပြီး ယခုကဲ့သို့ တရားမဝင်ရောင်းချနေတဲ့ နေရာသို့ ဝင်ရောက်စစ်ဆေးဖမ်းဆီးရရှိမှုမှာ ဘတ်၁၀သန်းကျော် တန်ကြေးရှိတယ်လို့ဆိုပါတယ်။