ပူအိုက်တဲ့ရာသီဥတုနဲ့ မြန်မာ့ ချည်ထည် ဈေးကွက်ဖြစ်
မြန်မာ့တို့ရဲ့ ဝတ်စား ဆင်ယင် ပုံဆိုတာကလည်း ရာသီဥတုအပေါ် အခြေပြုပြီး ဝတ်ဆင်နေကြရတာပါ။ အခုလို ပူအိုက်တဲ့ နွေရာသီကို ရောက်ရှိနေတာမို့ ရာသီဥတုနဲ့ ကိုက်ညီတဲ့ ချည်ထည်တွေကို လူအများ စိတ်ဝင်တစား ဝယ်ယူသုံးဆောင် လာကြပါတယ်။ အဲဒီအတွက် ပြည်တွင်းမှာ ချည်ထည်ဈေးကွက်ဟာ ပြည်တွင်း အရောင်းသွက်လာတဲ့ အခြေအနေလို့ ချည်ထည်လုပ်ငန်းရှင် တစ်ဦးက ပြောလာတာပါ။
"ပူအိုက်တဲ့ ရာသီဖြစ်လို့ ချည်ထည်လေးတွေက ပိုပြီးရောင်းအား ကောင်းလာပါတယ်။ ကျောင်းတက်ကျောင်းဖွင့် ရက်တွေမှာဆိုလည်း အဖြူအစိမ်း ချည်အော်ဒါ မှာယူတာတွေကလည်း ရှိခဲ့တာကို။ ပြည်ပကဝင်တဲ့ ချည်ထည်တွေကျတော့ ဈေးပေါတယ် မြန်မာ့ပြုပြုလုပ်တဲ့ ချည်ထည်လောက် မအေးဘူးလေ။ အဲဒါကြောင့် ပြည်တွင်းထုတ် ချည်ထည်တွေကို အဝယ်လိုက်တာပါ။ ဈေးကွက် ခိုင်မာလာတယ်လို့ ပြောလို့ရတယ်"လို့ ၎င်းကဆိုပါတယ်။ ပြည်တွင်းဖြစ် ချည်ထည်တွေကို နွေရာသီမှာ အဝယ်လိုက်လာတာကတော့ လေဝင်လေထွက် ကောင်းတာနဲ့ နေရောင်ခြည်ရဲ့ အလင်းတွေကို ပြန်စေတဲ့အပြင် အပူမတက်စေတဲ့အတွက် မှာယူလာကြတာပါ။
လက်ရှိချည်ထည် ထွက်ကုန်တွေရဲ့ ဈေးနှုန်းဟာဆိုရင် အနိမ့်ဆုံးကျပ် ၄၀၀၀ဝန်းကျင်မှ ၉၀၀၀၊၁၀၀၀၀ ကျော်ဝန်းကျင်၊ ကနေကျပ်၂၀၀၀၀မှ ၅၀၀၀၀ကျော်အထိ စသဖြင့်ဈေးနှုန်းအမျိုးမျိုး ရှိနေတာပါ။ မြန်မာ့ရိုးရာ ချည်ထည်အများစုကိုတော့ အမရပူရ၊ တောင်သာ၊ မြင်းခြံနဲ့ အင်းမစတဲ့ မြို့တွေက ပြည်တွင်းအများဆုံး ဖြန့်ဖြူးရောင်းချ နေတာလို့ သိရပါတယ်။ မြန်မာ့ချည်ထည်နဲ့ ပြုလုပ်တဲ့ အဝတ်အစားတွေကို လက်ရှိOnline ဈေးကွက်မှာလည်း ဒီဇိုင်းပြရောင်းချနေတာတွေလည်း ရှိသလို ဟိုတယ်၊ မိုတယ်၊ အင်းတွေမှာလည်း ချည်ထည်နဲ့ ပြုလုပ်တဲ့ အိပ်ယာ၊ ခေါင်းအုံး၊ စားပွဲခင်း၊ ထိုင်ခုံချည်ဆိုဖာ၊ လက်သုတ်ပုဝါနဲ့ လိုက်ကာ၊ ခန်းဆီး အစရှိသဖြင့် ဖြန့်ဖြူးရောင်းချ ပေးနေတယ်လို့ သိရပါတယ်။ အဲလိုချည်ထည်တွေကို ဒီဇိုင်းမျိုးစုံ ဖန်တီးမှုတွေနဲ့အတူ ချည်ထည်လုပ်ငန်း ရေရှည်တိုးတက်ဖို့အတွက် ပြည်ပကို ထိုးဖောက်နိုင်ဖို့ ကူညီဆောင်ရွက်မှုတွေတော့ လိုအပ်လျက်ရှိနေဆဲပါ။