အမှိုက်သိမ်း ယာဉ်အပါ ယာဉ် အစီး ၂၀ ကျော် ဝယ်ဖို့ ကုမ္ပဏီတွေထံ ကမ်းလှမ်း
ရန်ကုန်တိုင်း ဒေသကြီး၊ စည်ပင်သာယာရေး နယ်နမိတ်အတွင်းရှိ မြို့နယ်(၃၃)မြို့နယ်မှ ထွက်ရှိတဲ့ အမှိုက်များစွာကို မြို့တော်စည်ပင်သာယာရေး ကော်မတီက လုပ်ဆောင်နေရတာပါ။ အဲဒါအပြင် မြို့နယ်များမှ အမှိုက်များကို နောက်ဆုံးစွန့်ပစ် အမှိုက်ပုံအတွင်း ရောက်သည်အထိ ဆောင်ရွက်မှုပေးနေသလို မြို့တော်သန့်ရှင်း သာယာဖို့ ရေပုပ်စုပ်တာ၊ လမ်းပိုင်းနဲ့ လူသွားစင်္ကြံစတဲ့ အပိုင်းတွေကိုလည်း လုပ်ဆောင်နေရတဲ့အတွက် ယာဉ်လိုအပ်ချက်တွေ ရှိလာပါတယ်။
ဒါကြောင့် အခုဘဏ္ဍာနှစ်ဖြစ်တဲ့ ၂၀၂၂-၂၀၂၃မှာ အဲဒီလုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့ ယာဉ်အစီးရေ၂၀ကျော်ကို ဝယ်ယူဖို့ မြန်မာနိုင်ငံသား လုပ်ငန်းရှင်ပိုင်၊ တိုင်းရင်းသားများပိုင် ကုမ္ပဏီများကို အိတ်ဖွင့်တင်ဒါ စနစ်နဲ့လျှောက်ထားဖို့ နိုင်ငံပိုင်သတင်းစာက တစ်ဆင့်ကမ်းလှမ်း ဖိတ်ခေါ်လာပါတယ်။ လိုအပ်ချက်ရှိနေတဲ့ ယာဉ်တွေကတော့ အမှိုက်သိမ်းယာဉ် ၁၆စီး (Garbage Truck-၁စီး၊Dump Truck-၁၅စီး)၊ ရေပုပ်စုပ်စက်ယာဉ်(၅)စီးနဲ့ Platform Truck (၂)စီး စုစုပေါင်း၂၃စီးပဲ ဖြစ်ပါတယ်။ စိတ်ပါဝင်စားတဲ့ ပြည်တွင်း ကုမ္ပဏီတွေအနေနဲ့ တင်ဒါပုံစံ လျှောက်လွှာကို ဧပြီ၂၁ရက်မှ စတင်ရုံးချိန်အတွင်း ဝယ်ယူလျှောက်ထားနိုင်ပြီးတော့ လာမယ့်မေ၅ရက် နံနက်၁၀နာရီမှာ ဖွင့်ဖောက်စိစစ်သွားမှာပါ။ ဖွင့်ဖောက်စစ်ဆေးမှာကတော့ ရန်ကုန်တိုင်း ဒေသကြီးစည်ပင်သာယာရေး ရုံးအဖွဲ့အစည်းအဝေး ခန်းမမှာ ကျင်းပသွားမှာ ဖြစ်တယ်လို့သိရပါတယ်။
