> 首页 > MFN

ဟင်းသီးဟင်းရွက်ဆီ အသုံးများလာစဉ် မုန်ညှင်းဆီထုတ်တဲ့ မုန့်ညှင်းစေ့ဈေးကောင်းရနေ

ဆီထွက်သီးနှံ၇မျိုးခန့် ရှိတဲ့အနက် ပဲ၊နှမ်းမှထွက်တဲ့ ဆီများနှင့် မုန်ညှင်းဆီများကို ယခုနောက်ပိုင်းမှာ ယခင်ကထက် အသုံးပြုမှုတွေများလာနေပြီး စားသုံးဆီဈေး တက်လာပြီးနောက် ဟင်းချက်ဆီအဖြစ် ရွေးချယ်စရာ ဖြစ်လာပါတယ်။ မန္တလေးဈေးကွက်ထဲသို့ ဆီထွက်သီးနှံများ ဝင်ရောက်မှုရှိနေတဲ့အနက် ယခုအချိန်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ဗန်းမော်၊ ကသာ၊ ထီးချိုင့်စတဲ့ ဒေသများမှ မုန်ညှင်းဆီ ထုတ်လုပ်တဲ့ မုန်ညှင်းစေ့များ ဝင်ရောက်နေရာ အရင်နှစ် ကာလတူအချိန်က တစ်ပိဿာကျပ် ၁၈၀၀ကျပ်ရရှိရာမှ ယခုနှစ်တွင် တစ်ပိဿာကျပ် ၂၉၀၀ရရှိနေတာကြောင့် ဈေးကောင်းရရှိလျက် ရှိတယ်လို့လည်း သိရှိရပါတယ်။

ပွဲရုံပိုင်ရှင်တစ်ဦးက“မုန်ညှင်းစေ့ဟာ ရှမ်းပြည်(တောင်ပိုင်း)၊ မြောက်ပိုင်း၊ ကရင်၊ ကချင်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)မှာ စိုက်ပျိုးပါတယ်။ မပူလွန်းမအေးလွန်း ဒေသတွေမှာ အများအားဖြင့် စိုက်ပျိုးပါတယ်။ စားသုံးတဲ့ မုန်ညှင်းပင်က တစ်စားရှိပါတယ်။ အခုဟာက ဆီမုန်ညှင်းပင် ဖြစ်ပါတယ်။ အသီးထဲကနေ ခါလိုက်ရင် အစေ့ထွက်လာတာပါ။ အခုထွက်ရှိတာက ဆီကြိတ်ရုံပဲ ဖြစ်ပါတယ်။ မန္တလေး ဈေးကွက်ထဲမှာတော့ မိုးမိတ်ကထွက်တဲ့ မုန်းညှင်းစေ့က အကောင်းဆုံးလို့ ပြောလို့ရပါတယ်။”လို့ ပြောပါတယ်။ မုန်ညှင်းဆီအနေနဲ့ လက်ရှိမှာတစ်ပိဿာကို ကျပ်(၉၀၀၀)ဈေးရှိပြီး၊ ပဲဆီ၊ နှမ်းဆီဈေးများနဲ့ ဆတူဖြစ်နေသလို ဆီကြိတ်လိုက်ရာမှ ရရှိတဲ့မုန်ညှင်းဖတ်ဟာလည်း ဓါတ်မြေဩဇာအဖြစ် ဈေးကွက်ဝင်တစ်ခု ဖြစ်လာနေကာ မုန်ညှင်းဖတ်ဟာလည်း တစ်ပိဿာကို ကျပ်(၁၀၀၀)ဈေး ပေါက်နေတယ်လို့လည်း သိရှိရပါတယ်။ ကုန်သည်တစ်ဦးက“အခုလို ဈေးတက်လာတာက စားသုံးသူတွေက တွင်တွင်ကျယ်ကျယ် မုန်ညှင်းစေ့ကို စားသုံးတတ်လာတယ်။ ထွက်ရှိနှုန်းကတော့ ပြီးခဲ့တဲ့နှစ်နဲ့ တူတူလောက်ပဲဖြစ်ပါတယ်။ မုန့်လုပ်ငန်းရှင်တွေကလည်း အကြော်ခံဆီအဖြစ် အသုံးတည့်တဲ့အတွက် အခုလို ဈေးမြင့်တက်လာတာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။ မုန်ညှင်းစေ့ကို တစ်ခါတစ်ရံမှာ ထိုင်းနိုင်ငံမှ ဝယ်ယူလေ့ရှိပြီး ပြည်တွင်းမှာ အဓိကစားသုံးတဲ့ ဒေသတွေကတော့ မြစ်ကြီးနား၊ တောင်ငူဒေသနှင့် ပဲခူးတိုင်းအနီးအနား ဒေသများက စားသုံးကြတယ်လို့ သိရှိရပါတယ်။ မုန်ညှင်းပင်ဟာ ဆောင်းသီးနှံ အမျိုးအစားဖြစ်ပြီး အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးပြီး ဇန်နဝါရီလတွင် အစေ့အဖြစ်ရိတ်သိမ်းပြီး ဆီအနေဖြင့် မြန်မာပြည်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ဖြစ်လာကာ ပြည်ပမှ ဆီတင်သွင်းမှုကို ချွေတာနေတဲ့အတွက် ၂၀၂၂ခုနှစ် ဆီထွက်သီးနှံရာသီမှာ မုန်ညှင်းဆီဟာ ပြည်တွင်းမှာ ယခုထက်ဈေးကောင်း ရရှိလာမယ်လို့ ခန့်မှန်းထားပြီး ပြည်ပကို တင်ပို့ဖို့တော့ ယခုထွက်နှုန်းဟာ နည်းနေသေးတယ်လို့လည်း သိရှိရပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: