၂၀၁၆ မှ ၂၀၁၈ ခုနှစ်အတွင်းက ပို့ကုန်ရငွေများ ကျန်ရှိတဲ့ ကုမ္ပဏီ ၁၅၈ ခုကို အရေးယူ ဒါရိုက်တာအဖွဲ့ဝင်များကို အမည်မည်းစာရင်းသွင်း
၂၀၁၆ခုနှစ်၊ ၂၀၁၇ခုနှစ်နှင့် ၂၀၁၈ခုနှစ်တို့အတွင်း ပို့ကုန်တင်ပို့ခဲ့သည့် ပို့ကုန်လုပ်ငန်းရှင်များသည် ပို့ကုန်ရငွေများကို သက်ဆိုင်ရာ ဘဏ်ငွေစာရင်းများသို့ နိုင်ငံခြားသုံးငွေဖြင့် ပြန်လည်ထည့်သွင်းရန် ကျန်ရှိခဲ့တဲ့ကုမ္ပဏီ (၁၅၈)ခုကို အရေးယူပြီး ဒါရိုက်တာအဖွဲ့ဝင်များကို အမည်မည်းစာရင်း ထည့်သွင်းလိုက်တယ်လို့ ဗဟိုဘဏ်မှ ထုတ်ပြန်လိုက်ပါတယ်။ ကုမ္ပဏီ(၁၅၈)ခု (သတင်းဓါတ်ပုံတွင် ပူးတွဲစာရင်း)အား နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ၄၂-ကအရ အရေးယူဆောင်ရွက်လျက်ရှိပြီး ကျန်ရှိနေသေးသည့် ပို့ကုန်ရငွေဝင်ရောက်ရန် ကျန်ကုမ္ပဏီများအားလည်း အရေးယူဆောင်ရွက်ရန် ဆက်လက်စိစစ်လျက်ရှိတယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။
၂၀၁၆ခုနှစ်၊ ၂၀၁၇ခုနှစ်နှင့် ၂၀၁၈ခုနှစ်တို့အတွင်း ပို့ကုန်တင်ပို့ခဲ့သည့် ပို့ကုန်လုပ်ငန်းရှင်များသည် ပို့ကုန်ရငွေများကို ပို့ကုန်တင်ပို့သည့်နေ့မှစ၍ ခြောက်လအတွင်း ယင်း၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် မပျက်မကွက် ပြန်လည်ထည့်သွင်းစေရေးအတွက် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၊ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်း(AD)လိုင်စင်ရ ဘဏ်များပူးပေါင်း၍ ADလိုင်စင်ရ ဘဏ်များမှ ဆက်သွယ်ခေါ်ယူ စာရင်းရှင်းလင်းခြင်း၊ (၃နှစ်ကြာကာလအတွင်း)၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ ဆက်သွယ်ခေါ်ယူ စာရင်းရှင်းလင်းခြင်း၊ (ရက်ပေါင်း၆၀) ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ထို့အပြင် သတင်းစာများနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ Websiteတွင် စာရင်းရှင်းလင်းရန် ကြေညာခြင်း၊ (ရက်ပေါင်း၆၀)၊ စာရင်းရှင်းလင်းမှု မရှိသူများအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် (ပသက)ပိတ်သိမ်းခြင်း၊ (ရက်ပေါင်း၃၀)၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီမှ ဦးဆောင်၍ ပို့ကုန်တင်ပို့သူများနှင့် အစည်းအဝေး(၅)ကြိမ် ပြုလုပ်၍ ရှင်းလင်းဆွေးနွေးခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့၂၀၂၁ခုနှစ်အတွင်းက ပို့ကုန်လုပ်ငန်းဆောင်ရွက်ခဲ့သော ကုမ္ပဏီ(၃၄၆)ခုအား ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်း၍ အရေးယူထားပါတယ်။ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်ခ၃၈-ခဖြစ်သော“မည်သူမျှပို့ကုန်ရငွေ အားလုံးကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ထည့်သွင်းရန် ပျက်ကွက်ခြင်း မရှိစေရ”ဟု လည်းကောင်း၊ အဆိုပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက အဆိုပါဥပဒေပုဒ်မ ၄၂-ကအရ“ထိုသူကို တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်”ဟုလည်းကောင်း ပြဋ္ဌာန်းထားပါတယ်။ နိုင်ငံတော်အတွင်းသို့ နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့် အဓိကလမ်းကြောင်းဖြစ်သော ပို့ကုန်တင်ပို့မှုမှ ရငွေများအပြည့်အဝ ရရှိရန်မှာ အဓိကကျသည့် အချက်ဖြစ်သဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၈-ခနှင့်နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုစည်းမျဉ်းအပိုဒ်၃၅တို့တွင် ပို့ကုန်တင်ပို့သူသည် ကုန်စည်များကို သင်္ဘောတင်သည့်နေ့မှ ခြောက်လအတွင်း ((၁၀-၁၁-၂၀၂၁)ရက်နေ့မှစ၍ သုံးလအတွင်း) ယင်း၏ဘဏ်စာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ဝင်ရောက်ရန်ဖြစ်ကြောင်း ပြဋ္ဌာန်းသတ်မှတ်ထားပါတယ်။