တရုတ်ထံ ပြောင်းဆန်ပို့ဖို့ ကုမ္ပဏီ ၁၄၀ ကျော် စစ်ဆေးခံ
မြန်မာ့ပြောင်းဆန်တင်ပို့ခွင့်ကို လက်ရှိအိမ်နီးချင်း နိုင်ငံတချို့ကို လွတ်လပ်စွာတင်ပို့ခွင့်ရနေပါတယ်။ အဲဒီနိုင်ငံတွေအထဲမှာ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတွေကတော့ အဓိကတင်ပို့ခွင့် ရနေတာပါ။ အထူးသဖြင့် တရုတ်နိုင်ငံတွင်း တင်ပို့ခွင့်ကိုတော့ လက်ရှိပို့ခွင့်ရဖို့ ကုမ္ပဏီ၁၄၀ကျော် စိစစ်မှတ်ပုံတင်ခြင်းဆိုင်ရာ စိတ်ဝင်စားမှု အဆိုပြုလွှာ (EOI Form) တင်သွင်းရပြီး စားသုံးသူရေးရာ ဦးစီးဌာန၊ မြန်မာ့ကုန်ပစ္စည်း စစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်း လီမိတက်(MITS)မှ စစ်ဆေးနေတာပါ။
"EOI Form တင်လာတဲ့ကုမ္ပဏီ စုစုပေါင်း၁၄၁ခု ရှိပါတယ်။ လောလောဆယ်စစ်ဆေးဆဲပါ။ တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနနဲ့ MITSတို့ပေါင်းပြီးစစ်ဆေးနေတာပါ"လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းဥက္ကဌဦးမင်းခိုင်ကပြောပါတယ်။ စစ်ဆေးမှုကိုကုမ္ပဏီများအရောက်ကွင်းဆင်းစစ်ဆေးတာတွေလုပ်ဆောင်နေပြီးအထက်ပါစစ်ဆေးရေးအဖွဲ့တွေရဲ့စစ်ဆေးပြီးရလဒ်သုံးသပ်ချက်အဖြေတွေကိုလည်းစိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွေကအတွင်းဝန်တွေပါဝင်တဲ့ကြီးကြပ်ရေးအဖွဲ့ကထပ်မံစစ်ဆေးမှာပါ။
တရုတ်နိုင်ငံကို ပြောင်းဆန်တင်ပို့ခွင့်ရရှိဖို့ ပြီးခဲ့တဲ့ဇန်နဝါရီ၃၁ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနဲ့ GACC တို့က အပင်နှင့်တိရိစ္ဆာန် ကျန်းမာရေး၊ ပိုးမွှားကင်းစင်ရေး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့တာပါ။ အဲလို လက်မှတ်ရေးထိုး နိုင်ခဲ့ပြီးနောက် တင်ပို့ခွင့်ရရှိခဲ့ပြီး စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေကတော့ အဆိုပြုလွှာတွေနဲ့ စစ်ဆေးခံနေတာပါ။

