ရန်ကုန်မှာ ရေလယ်ကျွန်း အပန်းဖြေစခန်း ဖြစ်လာတော့မယ်…
နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးရေးသဘာဝအခြေခံ အပန်းဖြေစခန်းများ တိုးချဲ့ဖွင့်လှစ်ပြီး ပြည်တွင်း၊ ပြည်ပခရီးသွားများစွာကို ဖိတ်ခေါ်ကမ်းလှမ်းနေပါတယ်။ အခုလည်း ရေလည်ကျွန်း အပန်းဖြေစခန်း စီမံကိန်းလုပ်ဆောင်သွားဖို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်တွေအနေနဲ့ ကြိုးစားနေပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာအနီးရှိ ပဲခူးမြစ်အတွင်း ရေလယ်ကျွန်း အပန်းဖြေစခန်း တည်ဆောက်ဖို့ လုပ်ငန်းရှင်တွေအနေနဲ့ သက်ဆိုင်ရာ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ခွင့်ပြုချက်အပြင် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေထံပါ ခွင့်ပြုချက် တောင်းခံထားတယ်လို့ သိရပါတယ်။
“အခုက ခွင့်ပြုချက် တောင်းထားပါတယ်။ ပမာဏအနေနဲ့က စမ်းစစ်လေ့လာ အကဲဖြတ်တုန်းပဲ ရှိပါသေးတယ်။ ရင်းနှီးမြှုပ်နှံမယ့် ကုန်ကျငွေက အခုထိမခန့်မှန်း ရသေးပါဘူး။ အခုကရေပေါ်မှာ ဆောက်ကမှာဖြစ်လို့ ကုန်းပေါ်မှာမဟုတ်တဲ့အတွက် မြစ်ချောင်းစမ်းစစ်တာတွေ၊ ရေအရင်းအမြစ် သုံးစွဲမှုစတာတွေကို လေ့လာနေတုန်း အဆင့်ပဲရှိပါသေးတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေထံ တင်ပြထားဆဲပါ။ တကယ်လို့ သဘာဝပတ်ဝန်းကျင်တို့ ဘာတို့ ထိခိုက်ပျက်စီးနိုင်တယ်ဆိုရင် ဒီစီမံကိန်းက ကျသွားနိုင်တယ်။ ဒါကြောင့် အကျယ်တစ်ဝန့် မပြောသေးတာပါ။ စီမံကိန်းဖြစ်မြောက်ဖို့ ကြိုးစားနေပါတယ်”လို့ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးနောင်းနောင်းဟန်က MFNသီးသန့် ဆက်သွယ်မေးမြန်းတာကို ပြောပါတယ်။
ရေလယ်ကျွန်း အပန်းဖြေစခန်း စီမံကိန်းကို Best Myanmar National Tourism Public Co.,Ltd.က အကောင်အထည် ဖော်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းအောင်မြင်ပါက ပြည်ထောင်စု တိုင်းရင်းသားကျေးရွားနဲ့ ချိတ်ဆက်အပန်းဖြေ နိုင်မှာဖြစ်သလို ပန်းဆိုးတန်းဆိပ်ကမ်းမှ မြစ်အတွင်း အပျော်စီးသင်္ဘော ခရီးစဉ်များလည်ပတ်နိုင်ဖို့၊ တိုင်းရင်းသား အစားအစာများ မှာယူစားသုံးနိုင်တဲ့ စားသောက်ဆိုင်များ၊ သစ်ပင်ပန်းမန်နဲ့ သီးနှံပင်များ စိုက်ပျိုးမှုတွေပါ စီစဉ်ထားကြောင်းလည်း သိရပါတယ်။
ဒါ့အပြင်သစ်၊ ဝါးမြန်မာမှု ပြုလက်ရာများနဲ့ ပြုလုပ်တဲ့နားနေဆောင်၊ စားသောက်ဆိုင်၊ ရှုခင်းကြည့်ရှုနိုင်မယ့်နေရာ၊ ရာသီးသီးနှံစိုက်ခင်းများ၊ ငါးမျှားနိုင်မယ့်နေရာများ ပါဝင်မှာ ဖြစ်သလို ဒုတိယအဆင့် ရေလွှာလျှော၊ ရေကန်၊ မြက်ခင်းတု၊ မြင်းစီးကွင်းများ ပါဝင်မှာဖြစ်ကာ၊ တတိယအဆင့် ညအိပ်နိုင်မယ့်အခန်း၆၀ပါ ဟိုတယ်ရေကန်၊ စားသောက်ဆိုင်၊ ဘက်စုံသုံးအခန်းတို့ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။