ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများ ဘက်လှည့်ရမယ့်အချိန် ၊ ပြည်သူတွေကတော့ ကိုယ့်အစီအစဉ် ကိုယ် ထိုးနေကြပြီ
ယခင်နှစ်များက ကိုဗစ်၁၉ဖြစ်ပွားမှုကြောင့် ကမ္ဘာ့နိုင်ငံများတွင် ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်းများ အားနည်းခဲ့သည့် နည်းတူ မြန်မာနိုင်ငံတွင်လည်း ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်းများ အတိုင်းအတာ တစ်ခုအထိ ကျဆင်းခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရှိရပါတယ်။
ယခုကာလဟာလည်း မိုးရာသီအတွင်း ဝင်ရောက်လာခြင်းနှင့်အတူ ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်းတွေကိုလည်း အတူယှဉ်တွဲကာ ဆောင်ရွက်လာဖို့ လိုအပ်လာပြီလည်း ဖြစ်ပါတယ်။ လက်ရှိတွင်လည်း ပြည်သူများအနေနဲ့ ကိုဗစ်၁၉ကာကွယ်ဆေးများကို နစက အစီအစဉ် အောက်တွင်လည်းကောင်း၊ ပုဂ္ဂလိက အစီအစဉ်များဖြင့် လည်းကောင်း ထိုးနှံနေကြသလို ပုံမှန် ကာကွယ်ဆေးတွေကို ကိုယ့်အစီအစဉ်နဲ့ ကိုယ်ထိုးနှံနေကြပြီလည်း ဖြစ်ပါတယ်။
မြောက်ဒဂုံမြို့နယ်မှ အသက်၆၀ကျော် ပြည်သူတစ်ဦးက“ကိုဗစ်ဆေးလည်း အကြိမ်ပြည့်ထိုးပြီးပြီ။ မိုးတွင်းလည်း ရောက်လာတော့ တုပ်ကွေး ကာကွယ်ဆေးထိုးဖို့ စာရင်းပေးထားတယ်”လို့ MFNသို့ ပြောပါတယ်။ ယခုအချိန်ဟာ အခြေခံပညာ ကျောင်းများအားလုံးလည်း ပြန်ဖွင့်နေချိန်ဖြစ်ပြီး မိုးတွင်းဖြစ်လာလို့ ကလေးငယ် သွေးလွန်တုပ်ကွေး ရောဂါလည်း စိုးရိမ်ရသလို အဖြစ်များတဲ့ တုပ်ကွေး ရောဂါအတွက် ကာကွယ်ဆေးထိုး လုပ်ငန်းတွေဟာ ပိုပြီး လိုအပ်လာပါတယ်။
ကလေးမိဘ တစ်ဦးက“အရင်တုန်းကတော့ အစိုးရအစီအစဉ်တွေ ဘာတွေရပ်ကွက်ထဲမှာ လာအော်ပြီး ထိုးပေးတယ်ပေါ့။ အခုနှစ်တော့ မကြားသေးဘူး။ အဲ့ဒါကြောင့် နှစ်တိုင်းတော့ ကိုယ့်ဘာသာ ပုဂ္ဂလိက ဆေးခန်းမှာပဲ မိုးရာသီရောက်ခါနီး တုန်းတုပ်ကွေး ကာကွယ်ဆေးတော့ ကလေးကို ထိုးပေးဖြစ်တယ်။ အခုအချိန်က ပိုလိုအပ်လာပြီပေါ့ ကိုဗစ်နဲ့ဘာနဲ့ ရောနေရင် ကိုယ်လည်း မသိနိုင်ဘူးလေ”လို့ MFNကို ပြောပါတယ်။
ကျန်းမာရေး ဝန်ကြီးဌာနကလည်း ကိုဗစ်၁၉ ကာကွယ်ဆေးထိုး လုပ်ငန်းဆောင်ရွက်ရာတွင် ရရှိခဲ့တဲ့ အောင်မြင်မှုအပေါ် အခြေခံကာ ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်းတွေကို ပိုမိုအားဖြည့်ဖို့ ဆောင်ရွက်နေတယ်လို့ သိရှိရပါတယ်။
မြန်မာနိုင်ငံတွင် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ကူးစက်ရောဂါများ ဖြစ်ပွားနိုင်သည့် ဦးတည်အုပ်စုများကို ကြိုတင်ရှာဖွေကာ ရောဂါများဖြစ်ပွားမှုအား အထူးစောင့်ကြပ် ကြည့်ရှုကာ ကပ်ရောဂါအသွင် မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရန် လိုအပ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက အသိပေးထားပါတယ်။
ထို့အပြင် ကပ်ရောဂါအသွင် ဖြစ်ပွားလာပါကလည်း ဆောင်ရွက်ရမယ့် ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများကို ကြိုတင်စီမံ ဆောင်ရွက်ထားရန်၊ တိုင်းနှင့်ပြည်နယ်များတွင် ကာကွယ်ဆေးထိုး လုပ်ငန်းများအတွင်း ဝေးလံခက်ခဲတဲ့ ဒေသများတွင် ဒေသအလိုက် စီမံချက် ရေးဆွဲထားရမှာဖြစ်ပြီး ကိုဗစ်၁၉ ကာကွယ်ဆေးထိုးနှံသည့် အချိန်တွင် ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်းများကိုပါ တစ်ပါးတည်း ဆောင်ရွက်ရမယ်လို့ အသိပေးထားပါတယ်။
ကျောင်းသူ/ ကျောင်းသားများကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံချိန်တွင် ပုံမှန်ကာကွယ်ဆေး ထိုးနှံမှုအခြေအနေကို ဆန်းစစ်၍ မထိုးနှံရသေးပါက ထိုးနှံရန် စီစဉ်ဆောင်ရွက်မှာဖြစ်ပြီး ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်းများကို ဆေးရုံများတွင် အခြေပြု တိုးချဲ့ဆောင်ရွက်နိုင်ရန် ပြင်ဆင်ဆောင်ရွက် နေတယ်လို့လည်း ဝန်ကြီးဌာနမှ သိရှိရပါတယ်။

