တရုတ်နိုင်ငံသို့ ဌက်ပျောသီးတင်ပို့မယ့် ကုမ္ပဏီများအား နှစ်စဉ်မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ရတော့မည်
တရုတ်နိုင်ငံသို့ ဌက်ပျောသီးတင်ပို့မယ့် ကုမ္ပဏီများအား မြန်မာနှင့်တရုတ်နိုင်ငံတို့ ချုပ်ဆိုထားတဲ့ အပင်ပိုးမွှားကင်းရှင်းရေးဆိုင်ရာ လိုအပ်ချက် သဘောတူစာချုပ်အရ Sanitary and Phytosanitary (SPS) Protocol သတ်မှတ်ချက်များနှင့်အညီ နှစ်စဉ်မှတ်ပုံတင်ခြင်းကို ဆောင်ရွက်သွားမယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ကြေညာလာပါတယ်။
ယင်းမှတ်ပုံတင်ခြင်း အစီအစဉ်ကို လာမယ့်ဇွန်၃၀ရက်နေ့ နောက်ဆုံးထား လျှောက်ထားကြဖို့ ကုမ္ပဏီများကို အသိပေးထားပြီး လျှောက်လွှာများကို သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနများတွင် ရယူအဆိုပြု လျှောက်ထားနိုင်တယ်လို့ စိုက်ပျိုးရေး ဦးစီးဌာန သီးနှံကာကွယ်ရေး ဌာနခွဲမှ ထုတ်ပြန်ထားပါတယ်။
အဆိုပါ အဆိုပြုလွှာ လျှောက်လွှာ၌ တရုတ်နိုင်ငံသို့ ဌက်ပျောသီးတင်ပို့ ရောင်းချနိုင်ရေး ပြည်ပတင်ပို့သည့် ကုမ္ပဏီမှတ်ပုံတင်ခြင်း ကိစ္စတွင် ပါဝင်ဆောင်ရွက်ခွင့်ပြုရန် ကုမ္ပဏီဒါရိုက်တာက တင်ပြလျှောက်ထား ရမယ့်အပြင် နယ်စပ်ဒေသမှ တင်ပို့ခြင်း၊ လေကြောင်းမှ တင်ပို့ခြင်း၊ ပင်လယ်ရေကြောင်းမှ တင်ပို့ခြင်းတို့ကို ရွေးချယ်နိုင်ကာ လိုအပ်တဲ့ စာရွက်စာတမ်းများလည်း တစ်ပါတည်း တင်ပြရမယ်လို့ ဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။
မြန်မာ့ ဌက်ပျောသီးများကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ရာတွင် တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC)နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနတို့အကြား လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်တာကြောင့် တရုတ်နိုင်ငံသို့ ငှက်ပျောသီးတင်ပို့ခြင်းတွင် ရောဂါပိုးမွှားကင်းရှင်းကြောင်း Certificate ထုတ်ပေးသွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပြီးခဲ့တဲ့မေလအတွင်းက ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ယခင်ဘဏ္ဍာနှစ် (၂၀၂၀-၂၁ဘဏ္ဍာနှစ်) အတွင်း တရုတ်နိုင်ငံသို့ ဌက်ပျောတန်ချိန် ၈သိန်းခန့် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၁၆သန်းကျော် နိုင်ငံခြားဝင်ငွေ ရရှိခဲ့တယ်လို့ ဝန်ကြီးဌာနမှ သိရှိရပါတယ်။