> 首页 > MFN

တရားမဝင်ကုန်သွယ်မှုများ ဖြစ်ပေါ်လာရခြင်းတွင် အခွန်ရှောင်လွှဲလိုသည့် ရည်ရွယ်ချက်များရှိနေဟုဆို ၊ ဖမ်းဆီမှု ပမာဏလျော့နည်းသွားလို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များကို နစက သတိပေး

တရားမဝင် ကုန်သွယ်မှုဖမ်းဆီးရရှိမှု ပမာဏတွေ လျော့နည်းလာတာတွေ တွေ့ရှိလာရလို့ စီမံချက်အတိုင်း ထိမိစွာဆောင်ရွက်သွားဖို့ နစကသက်ဆိုင်ရာ အဖွဲ့များသို့ သတိပေးလိုက်ပါတယ်။ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၃/၂၀၂၂)ကို မနေ့က(ဇွန်၂၈ရက်) နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပခဲ့ရာမှာ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌနိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယ ဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အခုလို အသိပေး ပြောကြားခဲ့တာပါ။

    တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီး နောက်ပိုင်း ဖမ်းဆီးရမိမှုများကို ကြည့်မည်ဆိုလျှင် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ ဖမ်းဆီးရမိမှု ခန့်မှန်းတန်ဖိုးကျပ် (၂၁ဒသမ၇၇၁)ဘီလီယံ ရှိသည့်အတွက် ယခင်နှစ်တစ်နှစ်လုံးနှင့် နှိုင်းယှဉ်ပါက ဖမ်းဆီးရမိ ခန့်မှန်းတန်ဖိုးကျပ် (၁၃ဒသမ၃၁၈)ဘီလီယံ ပိုမိုဖမ်းဆီးနိုင်ခဲ့ကြောင်း တွေ့ရသော်လည်း ၂၀၂၂ခုနှစ်၊ ဧပြီလတွင် ခန့်မှန်းတန်ဖိုးကျပ် (၅ဒသမ၂၃၃)ဘီလီယံ ဖမ်းဆီးရမိခဲ့သော်လည်း မေလတွင် ကျပ်(၃ဒသမ၆၃၃) ဘီလီယံသာ ဖမ်းဆီးရမိခဲ့သည့်အတွက် ခန့်မှန်းတန်ဖိုးကျပ် (၁ဒသမ၆) ဘီလီယံလျော့နည်းခဲ့သည်ကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိ လျော့နည်းမှုကို စိစစ်သည့်အခါ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များ၏ ဖမ်းဆီးရမိမှု ကျပ်(၁)ဘီလီယံကျော် လျော့နည်းခဲ့ကာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းနှင့် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းတို့တွင် ကျပ်(၀ဒသမ၇၂၁) ဘီလီယံကျော် လျော့နည်းသည်ကို တွေ့ရလို့ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့များ၊ အကောက်ခွန် ဦးစီးဌာနနှင့် OSSဌာနဆိုင်ရာများ အနေဖြင့် စီမံချက်များအတိုင်း ထိထိမိမိတားဆီး စစ်ဆေးဆောင်ရွက် သွားကြရန် သတိပေးခဲ့ပါတယ်။

တရားမဝင် ကုန်သွယ်မှုများ ဖြစ်ပေါ်လာရခြင်းတွင် အခြေခံအကြောင်းများစွာ ရှိရာ အခွန်ရှောင်လွှဲလိုသည့် ရည်ရွယ်ချက်ဖြင့် တင်ပို့၊တင်သွင်းခြင်းများ၊ တားမြစ်ကုန်ပစ္စည်းနှင့် ကန့်သတ်ကုန်ပစ္စည်းများကို တရားမဝင် ကုန်သွယ်မှုများကို ထိရောက်စွာ တားဆီးအရေးယူရမည်ဖြစ်ကြောင်း၊ တရားမဝင် ကုန်သွယ်ခြင်းနှင့် လုပ်ထုံးလုပ်နည်း အားနည်းချက်များကြောင့် တရားမဝင် လမ်းကြောင်းပေါ် ရောက်နေခြင်းများနှင့် စပ်လျဉ်း၍ မည်သို့ဆောင်ရွက်ရမည် ဆိုသည်ကို ကုန်သည်လုပ်ငန်းရှင်များ၊ ဆက်စပ်ဌာနများနှင့် ပုံမှန်တွေ့ဆုံ ညှိနှိုင်းဆောင်ရွက် သွားကြရမယ်လို့ ဆိုပါတယ်။

ထို့သို့ဆောင်ရွက်ရာတွင် UMFCCI ကဲ့သို့သော အသင်းအဖွဲ့များ၏ အခန်းကဏ္ဍသည် အရေးပါလာပြီး ဌာနဆိုင်ရာများနှင့် ကုန်သည်လုပ်ငန်းရှင်များအကြား ပေါင်းကူးချိတ်ဆက်ပြီး တရားမဝင် ကုန်သွယ်မှု လျော့ကျရေးနှင့် တိုက်ဖျက်ရေးတို့တွင် မှန်ကန်သည့် ဆွေးနွေးအဖြေရှာမှုများနှင့် ထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားကြရမှာ ဖြစ်တဲ့အပြင် တရားမဝင် ကုန်သွယ်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရန်နှင့် တားဆီးအရေးယူရာတွင် ဌာနအချင်းချင်း ညှိနှိုင်းပေါင်းစပ်ပြီး စီးပွားရေးအမြင်၊ နိုင်ငံရေးအမြင်၊ လုံခြုံရေးအမြင်များဖြင့် ကျယ်ပြန့်စွာ ဆောင်ရွက်သွားရန် လိုတယ်လို့လည်း နစကဒုဥက္ကဋ္ဌက အသိပေးထားပါတယ်။

အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကုန်သွယ်မှုလမ်းကြောင်းများတွင် တရားမဝင် ကုန်သွယ်မှုကို ရနိုင်သမျှ နည်းလမ်းများဖြင့် တားဆီးထိန်းချုပ် သွားကြရမည် ဖြစ်ကြောင်း၊ တရားမဝင် ကုန်သွယ်မှု စတင်ရာနေရာ၊ သိုလှောင်ထားရှိသည့် နေရာများနှင့် တင်သွင်းရောက်ရှိပြီး ဖြန့်ဖြူးရန် သိုလှောင်ထားသည့် နေရာများကိုပါပုံမှန် ၊ရှောင်တခင် ဝင်ရောက်စစ်ဆေး အရေးယူခြင်းများကို ဆောင်ရွက်သွားဖို့ ညွှန်ကြားထားပါတယ်။

၂၀၂၂ခုနှစ်၊ ဇန်နဝါရီလနှင့် ဇွန်လအတွင်း တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ ဥက္ကဋ္ဌကိုယ်တိုင် ဦးဆောင်၍ ပါချန်မြစ်မေးတင် သိုလှောင်ရုံများကို ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်သည် နမူနာကောင်းတစ်ခု ဖြစ်ခဲ့ကာ ရှာဖွေဆောင်ရွက်မှုနှင့် ဖမ်းဆီးအရေးယူသည့် ဖြစ်စဉ်များတွင် တစ်ဦးချင်း လုံခြုံရေးအပြင် အဖွဲ့အစည်း၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ၊ အဆောက်အဦပိုင်းဆိုင်ရာနှင့် စက်ပစ္စည်းယန္တရားများ၏ လုံခြုံရေးများကိုလည်း လုံခြုံရေးအသိဖြင့် ဂရုပြု ဆောင်ရွက်ကြရမယ်လို့ ဆိုပါတယ်။

ထို့အတူ စစ်ဆေးရှာဖွေရာတွင်လည်း သတ်မှတ်ထားသည့် တရားမဝင် ကုန်ပစ္စည်းများ အပါအဝင် ကန့်သတ်ကုန်ပစ္စည်းများကိုပါ စနစ်တကျ ရှာဖွေစစ်ဆေးကြရမှာဖြစ်ပြီး စိုက်ပျိုးရေး ကဏ္ဍတွင် မရှိမဖြစ်လိုအပ်ချက် တစ်ခုဖြစ်သည့် သွင်းအားစုဆိုင်ရာ ကိစ္စရပ်အချို့တွင် ခွင့်ပြုချက်နှင့်အတူ တရားမဝင်မလိုလားအပ်သော အမျိုးအစားဆင်တူ ကုန်အမှတ်တံဆိပ်များ ရောနှောပါဝင်လာမှု မရှိစေရေးကိုလည်း တိကျစွာ စစ်ဆေးဖမ်းဆီး အရေးယူသွားမယ်လို့လည်း သိရှိရပါတယ်။

ဖမ်းဆီးရမိ ကုန်စည်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ထုခွဲရောင်းချပြီး ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာများ နိုင်ငံတော်ကရရှိရန် လိုအပ်ကြောင်း။ လေလံမပစ်မှီ ဖမ်းဆီးရမိပစ္စည်းများ ပျက်စီးဆုံးရှုံးသွားလျှင် ဖမ်းဆီးပေးသူများ၏ ကြိုးပမ်းအားထုတ်မှုများ အချည်းနှီးဖြစ်ရသကဲ့သို့ နိုင်ငံဘဏ္ဍာရရှိမှုလည်း လျော့နည်းသွားမည်ဖြစ်ပြီး ပုပ်သိုးပျက်စီး လွယ်သည့် ကုန်စည်များကို လုပ်ထုံး လုပ်နည်းနှင့်အညီ မြန်မြန်ဆန်ဆန် လေလံတင် ရောင်းချသွားရမည်ဖြစ်သလို ဖမ်းဆီးရမိ လိုင်စင်ရှိ၊ လိုင်စင်မဲ့ မော်တော်ယာဉ်များကိုလည်း ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ အမြန်ဆုံး အပ်နှံဆောင်ရွက်သွားကြရန်နှင့် အမှုများ အမြန်ဆုံးပြီးပြတ်နိုင်အောင်လည်း လုပ်ဆောင်ရမယ်လို့ နစကဒုဥက္ကဋ္ဌက သတိပေးခဲ့ပါတယ်။

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အဖွဲ့ဝင်များနှင့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးတွင် ပါဝင်နေသူအားလုံးသည် နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ကြော်ငြာစာ များနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက် ကြရမည်ဖြစ်ပြီး ဖမ်းဆီးအရေးယူရာတွင်လည်း ဥပဒေနှင့်အညီ အားလုံးတစ်ပြေးညီ ဖြစ်အောင် ဆောင်ရွက်ကြရမှာ ဖြစ်ကာ တရားမဝင် ကုန်သွယ်မှုကို တိုက်ဖျက်ရာတွင် သယ်ဆောင်မှုများ၊ သိုလှောင်မှုများကို ဖမ်းဆီးအရေးယူမှုများအပြင် တရားမဝင် ကုန်သွယ်မှုများ လျော့နည်းပပျောက်အောင် စီးပွားရေး လုပ်ငန်းရှင်များ အပါအဝင် သက်ဆိုင်သူများနှင့် ဆွေးနွေးညှိနှိုင်း အဖြေရှာသွားရမယ်လို့ အသိပေးထားပါတယ်။

သက်ဆိုင်ရာ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် ပိုမိုတိုးတက်လာစေရန် ပထမအကြိမ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းကို ဖွင့်လှစ်သင်ကြား ပေးခဲ့ပြီးဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့များတွင်လည်း ဆင့်ပွားသင်တန်းများ ဖွင့်လှစ်ပို့ချခဲ့ပြီး ဖြစ်တယ်လို့ သိရှိရသလို အဆိုပါ သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သွားရန် တိုက်တွန်းထားပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: