ရွှေပန်းထိမ်လုပ်ငန်းများ ရာခိုင်နှုန်းပြည့် မလည်ပတ်နိုင်သေး
လက်တလော ပြည်တွင်း ရွှေဈေးကလည်း ကျပ်သိန်း၂၀နဲ့ အထက်မှာရှိသလို မိုးတွင်းကာလ ဖြစ်တာကြောင့် ရွှေအရောင်းအဝယ် ဈေးကွက်ကလည်း အေးနေတဲ့ အခြေအနေလို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းထံမှ သိရပါတယ်။
ဒါကြောင့် ရွှေအရောင်းအဝယ်နဲ့ တိုက်ရိုက်အချိုးကြနေတဲ့ ရွှေပန်းထိမ် လုပ်ငန်းတွေလည်း ၁၀၀ရာခိုင်နှုန်းခန့်မှာ ၅၀ရာခိုင်ခိုင်နှုန်းခန့်သာ လည်ပတ်နိုင်သေးတဲ့ အခြေအနေလို့ ရွှေအသင်းရဲ့ တာဝန်ရှိသူက ဆိုပါတယ်။
“၂၀၂၀ကနေ ၂၀၂၁ခုနှစ်ထိ ၂နှစ်တာကာလမှာ ကိုဗစ်-၁၉ အခြေအနေကြောင့် လုပ်ငန်းများအားလုံး ရပ်ဆိုင်းခဲ့ရတယ်။ ၂၀၂၁နှစ် ကုန်ပိုင်းလောက်ကစ ရွှေပန်းထိမ်လုပ်ငန်းက တစ်ဖြည်းဖြည်း လည်ပတ်လာပြီးနောက် အခုဆို ထက်ဝက်ပြန်ကောင်း လာတယ်လို့ ပြောရမှာပါ။ အခုက မိုးတွင်းကာလ ဆိုတော့လည်း ရာခိုင်နှုန်းပြည့်တော့ မလည်ပတ် နိုင်သေးပါဘူး”လို့ ၎င်းကပြောပါတယ်။
ရန်ကုန်တိုင်း ဒေသကြီးမှာဆိုရင်တော့ ကိုဗစ်ကာလ မတိုင်မီရွှေဆိုင်နဲ့ ရွှေပန်းထိမ်လုပ်ငန်းပေါင်း ၁သောင်းဝန်းကျင်ထိ လည်ပတ်လုပ်ကိုင် နေရာက အခုဆိုရင်တော့ ၅၀ရာခိုင်နှုန်း ထက်ဝက်မျှသာ လုပ်ကိုင်ဆောင်ရွက် နေရတဲ့အခြေအနေပါ။
ရွှေပန်းထိမ် လုပ်ငန်းငယ် တစ်ခုမှာ လုပ်သားတစ်ဦး၊ နှစ်ဦးစသဖြင့် လုပ်ကိုင်နေတဲ့ တစ်ပိုင်တစ်နိုင် လုပ်ငန်းတွေရှိသလို ရွှေဆိုင်များမှ ထားရှိတဲ့ ပန်းထိမ်လုပ်ငန်းတွေမှာ လုပ်သား၁၀၀မှ ၂၀၀ထိ လုပ်ကိုင်ရတဲ့ လုပ်ငန်းများစွာလည်း ရှိနေတဲ့အတွက် ရွှေထည် လက်ဝတ်ရတနာ ဈေးကွက်ကောင်းမွန်ပါက ရွှေပန်းထိမ်လုပ်ငန်းလည်း အားကောင်းစွာ လည်ပတ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ့ရွှေပန်းထိမ် လုပ်ငန်းဟာ အနုစိတ်လှပသော လက်မှုပညာရပ် အမွေတစ်ခုအဖြစ် ရှိနေတာကြောင့် နိုင်ငံတကာမှာ ပညာရပ်တစ်ခုအဖြစ် အသိအမှတ်ပြု သင်တန်းများ၊ ဒီပလိုမာ သင်တန်းများ တက်ရောက် သင်ကြားနိုင်တဲ့ အခြေအနေမျိုး ရှိနေတာပါ။