> 首页 > MFN

လေလံပစ်မယ့် သတင်းစကားနောက်က ကားစျေးတက်မလားကျမလား ဒွိဟ

လက်ရှိကားလောကရဲ့ ဒွိဟအခြေအနေအတွင်း တစ်ပတ်ရစ် ဂျပန်ကားအမျိုးအစားများအနက် ကျပ်သိန်းထောင်ကျော်တန် ကားများမှာ စျေးနှုန်းတည်ငြိမ်နေပြီး၊ ယခင်က ကျပ်သိန်း၁၈၀ခန့်သာ ရှိသည့် မော်တော်ယာဉ်များမှာ ကျပ်သိန်း၂၅၀ခန့် အထိလည်းကောင်း၊ ကျပ်သိန်း၅၀၀ခန့် ရှိသည့်မော်တော်ယာဉ်များမှာ ကျပ်သိန်း၇၀၀ခန့်အထိ လည်းကောင်း စျေးနှုန်းများ မြင့်တက်လာတယ်လို့ ကားအရောင်းအဝယ် ပြုလုပ်နေသူများ အသိုင်းအဝိုင်းမှ သိရှိရပါတယ်။

ဖမ်းဆီးရမိသည့် လိုင်စင်ရှိ၊ လိုင်စင်မဲ့ မော်တော်ယာဉ်များ အပါအဝင် ဖမ်းမိပစ္စည်းများကို အမှုများအမြန်ဆုံး ပြီးပြတ်အောင် ဆောင်ရွက်ပြီး လေလံပစ် ရောင်းချရမယ်လို့ ဇွန်လကုန်ပိုင်းက နေပြည်တော်တွင် ပြုလုပ်သည့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းအစည်းအဝေးတွင် အဆိုပါကော်မတီရဲ့ ဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားထားပါတယ်။

ထိုသို့ ပြောဆိုခဲ့ပြီးနောက် ဇွန်လကုန်ပိုင်းမှ စတင်ကာ မော်တော်ယာဉ်စျေးနှုန်းများ မြင့်တက်လာပြီး တစ်ပတ်ရစ်ကား အဟောင်းစျေးများသာမက ကားအသစ်များမှာလည်း စျေးနှုန်းများ မြင့်တက်လာတယ်လို့ ကားဝယ်ရောင်း အသိုင်းအဝိုင်းက သိရှိရပါတယ်။

ကားဝယ်ရောင်း တစ်ဦးက“အရင်က၂၀၀နဲ့ ၃၀၀ကြားကားတွေက ခုချိန်မှာ၅၀၀နဲ့ ၆၀၀တွေဖြစ်လာတယ်။ ကားဟောင်းတွေက တက်လာလိုက်တာ အရင်က ၁၂၅လောက်ကားက ၂၀၀ကျော်ထိ စျေးခုန်တက် လာတယ် အခုချိန်မှာ သိန်း၁၀၀ပတ်ချာလည် ၁၄၀မကျော်တဲ့ ကားတွေသာ စဉ်းစားသင့်တယ်”လို့ သူ့အမြင်ကို ပြောပါတယ်။

ကိုယ်ပိုင်ကား ပိုင်ရှင်တစ်ဦးက“အခုမှမဟုတ်ပါဘူး အရင်ကတည်းပါ ဖမ်းစီးထိမ်းသိမ်း ကားတွေသာ လေလံပြစ်ပြီးမှ လိုင်စင်ပေးတာပါ။ တကယ်လို့သာ တိုင်းနဲ့ပြည်နယ် အသီးသီးမှာ လေလံတင်ဒါ လုပ်ပြီဆိုရင် ကားစျေးကွက် ဘာဖြစ်မလည်း ကားတင်ဒါက သေချာပေါက်ကို လာမှာ ခုချိန်မှာက ကားတင်ဒါက နိုင်ငံတော်အတွက် ငွေရပေါက်လမ်းတခု ဖြစ်နေလို့ အနှေးအမြန်ပါပဲ Lotနံပါတ်တွေ ထွက်လာခဲ့ရင် ကားစျေးကွက်က အများကြီး ပြောင်းလဲ သွားနိုင်တယ်”လို့ သူ့အမြင်ကို ပြောပါတယ်။

ကားစျေးကွက်ဟာ သူဟာနဲ့သူ ရှိပြီးသားဖြစ်ပြီး ယခုအချိန်တွင် ကားသစ်(၀ကီလို) ဝယ်ထားသူတွေ ကားသစ်စီးပြီး အမြတ်ရနေတာ မြန်မာပြည်မှာပဲရှိပြီး မြန်မာပြည်မှာ ကားစျေးကွက်က ပုံသေမရှိလို့ ကျပ်သိန်း၅၀၀ကျော် ၆၀၀သုံးပြီး ကားသစ်စီးတဲ့ သူများလည်း သတိထားသင့်ပြီး ကားစျေးက ပြန်ကျပါကလည်း တန်ဖိုးအများကြီး ပြန်ကျဆင်းတတ်တဲ့ အချက်ကိုလည်း မမေ့ထားသင့်ကြောင်း ဝါရင့်ကားရောင်းဝယ် အတွေ့အကြုံရှိသူများက အကြံပြုလျက် ရှိပါတယ်။

ကား Show room ဖွင့်လှစ်ရောင်းချနေတဲ့ လုပ်ငန်းရှင်တစ်ဦးက“အခုက လေလံပစ်မယ် အသံထွက်တာနဲ့ ကားလောက ဘာဖြစ်မယ်ညာဖြစ်မယ် ပြောနေကြတယ်။ တကယ်တမ်း စဉ်းစားကြည့်ဗျာ၊ ဘယ်ကား အမျိုးအစားတွေ လေလံပစ်မှာလဲ မသေချာသေးဘူး၊ အဲ့ဒီလေလံပစ်မယ့် ဈေးကရော အပြင်က အမျိုးအစားတူ ကားထက်ဈေး သက်သာမှာလား များမှာလားလဲ မသိသေးဘူး။ လေလံကားတွေရဲ့ အခြေအနေကလည်း ဘယ်လိုရှိမလဲ ဆိုတာတွေပေါ် မူတည်တယ်။ ားကပြင်ဖို့လိုလား၊ အရင်လိုအလုံးလိုက် လဲလို့ရလားလဲ မသိသေးဘူး။ အဲ့ဒီတော့ ကျွန်တော်တို့က အခြေအနေတွေက စောင့်ကြည့်ရမယ့် အချိန်ပဲ။ လေလံကားတွေ စျေးကွက်ထဲ ရောက်လာရင်တော့ ကားစျေးနှုန်း တွေကိုတော့ ရိုက်ခတ်မှုရှိမယ်”လို့ သူ့အမြင်ကို ပြောပါတယ်။

ဇူလိုင်၁ရက်က ပြုလုပ်သည့် နစကရဲ့ သတင်းစာရှင်းလင်းပွဲတွင် လတ်တလောတွင်လည်း အထူးကိစ္စရပ်မှအပ မော်တော်ယာဉ် တင်သွင်းခွင့်ကို ပိတ်ထားဆဲဖြစ်ပြီး၊ လက်ရှိအခြေအနေတွင် တရားမဝင် လိုင်စင်မဲ့ မော်တော်ယာဉ်များကို တရားဝင် လိုင်စင်ဖြစ်အောင် ဆောင်ရွက်ပေးမည် ဆိုပါက တရားဝင် တင်သွင်းလာသည့် ယာဉ်ပိုင်ရှင်များသည်လည်း နစ်နာမှုများ ရှိမှာဖြစ်သလို ခွင့်ပြုချက်နှင့် ဖွင့်လှစ်ထားသည့် Car Showroomများ၊ Sale Center များကိုလည်း ထိခိုက်လာနိုင်ကြောင်း ကားတင်သွင်းခွင့် ပိတ်ထားသည့် ဆက်ရှိနေရသည့် အကြောင်းတရားများလည်း ရှိကြောင်း၊ ဖြေလျှော့ပေးနိုင်သည့် အချိန်တစ်ခု ရောက်မှသာ ဖြေလျှော့ပေးမယ်လို့ နစကပြောခွင့်ရ ပုဂ္ဂိုလ်က ပြောဆိုထားပါတယ်။

ကားဝယ်ဖို့ စီစဉ်နေသူ သုံးစွဲသူတစ်ဦးကလည်း“ကားဝယ်ဖို့ စီစဉ်ထားတာ ဆီဈေးကြောင့် စောင့်ကြည့်နေတာ၊ အခုအဲ့ဒီ လေလံသတင်းတွေလည်း ထွက်လာရော ကားဈေးတွေ တအားတက်သွားပြီး လိုင်းပေါ်မှာလည်း တော်တော် ပြောနေကြတယ်။ အကျိုးသင့် အကြောင်းသင့် ဈေးတက်တာဆိုရင် လက်ခံလို့ရပေမယ့် အခုဟာက လောဘသမားတွေက အခွင့်ကောင်းယူပြီး တမင်လုပ်နေတယ်လို့ ထင်လို့ ဆက်စောင့်ကြည့်ဦးမယ်”လို့ သူ့အမြင်ကို MFNသို့ ပြောပါတယ်။

လက်ရှိ ကားဈေးကွက်ဟာ အိမ်ခြံမြေလောကမှာ ဈေးကစားသူတွေ လုပ်တဲ့ ပုံစံမျိုး အချင်းချင်းကြားမှာ ဈေးအမြင့်ပိုင်းပေးကာ လိုက်ဝယ်ပြီး ဈေးကွက်အတွင်း တခြားသူတွေ လိုက်ပါလာမှ ကိုယ်ဝယ်ထားတဲ့ ဟာတွေကို ထုတ်ရောင်းတဲ့ ပုံသဏ္ဍန်မျိုး လုပ်ဆောင်နေတာဖြစ်ပြီး ကားဈေးကွက်အတွင်း အလားတူ ဈေးကစားသူတွေ များစွာရှိနေတာကြောင့် သာမန်လူတွေ အနေနဲ့ ဆုံးရှုံးမှု မဖြစ်အောင် ဂရုပြုရမယ့် အခြေအနေမျိုး ဖြစ်တယ်လို့ ကားအရောင်းအဝယ် အသိုင်းအဝိုင်းက တူညီစွာ မှတ်ချက်ပေးကြပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: