အလုပ်အကိုင် ၂၅၀၀ လောက်ပေးနိုင်မယ့် အထည်ချုပ် စီမံကိန်း အခုနှစ်ကုန်မှာ ပြီးမယ်
မြန်မာနိုင်ငံကို ဝင်ရောက်လာတဲ့ ရင်းနှီးမြုပ်နံမှုတွေ အနက် အများစုဟာ အထည်ချုပ်စက်ရုံတွေပါ။ လက်ရှိမှာလည်း မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်ရဲ့ ခွင့်ပြုချက်နဲ့ ပဲခူးတိုင်း ပဲခူးမြို့နယ်မှာ Panko Bago CMP အထည်ချုပ် စီမံကိန်းတွေကို အခုနှစ် မတ်လကစပြီး အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။
ဒီစီမံကိန်းဟာဆိုရင် အဝတ်အထည် အမျိုးမျိုး ထုတ်လုပ်တဲ့ လုပ်ငန်းတွေဖြစ်ပြီး စီမံကိန်း အပိုင်း၁ကတော့ လုပ်ငန်းလည်ပတ်နေပြီ ဖြစ်ကာ အခုလက်ရှိ အကောင်အထည် ဖော်နေတဲ့ စီမံကိန်း အပိုင်း၂ဟာလည်း အခုနှစ်ကုန်မှာ ပြီးစီးတော့မှာပါ။
"CMP စနစ်နဲ့ ချုပ်လုပ်တဲ့ အထည်ချုပ်စက်ရုံ စီမံကိန်းတွေ ဖြစ်ပါတယ်။ အပိုင်း၁ကတော့ လုပ်သား၂၅၀၀ယောက်နဲ့ လည်ပတ်နေပြီ၊ အခုအကောင်အထည် ဖော်နေတဲ့ အပိုင်း၂ပြီးရင်လည်း လုပ်သား၂၅၀၀လောက် အလုပ်အကိုင်ရမှာ ဖြစ်ပါတယ်"လို့ အဲဒီစီမံကိန်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါ Panko Bago စီမံကိန်းဟာဆိုရင် ၂၀၂၄ခုနှစ်ကုန်မှာ အပြီးသတ်ဖို့ လျာထားတဲ့ စီမံကိန်းပါ။ အပိုင်းပေါင်း ၁,၂,၃,၄ အကောင်အထည် ဖော်မှာဖြစ်ပြီး အခုကတော့ အပိုင်း၂ကို အကောင်အထည် ဖော်နေတာပါ။
အဆိုပါ အထည်ချုပ် စီမံကိန်းကို တောင်ကိုရီးယားနိုင်ငံက လာရောက်ရင်းနှီးမြုပ်နှံ အကောင်အထည် ဖော်နေသလို ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဖြစ်ကာ ရင်းနှီးငွေ ပမာဏ ကန်ဒေါ်လာ ၅သန်းခန့် ရှိတယ်လို့ သိရပါတယ်။
၄င်းအထည်ချုပ် စီမံကိန်းဟာဆိုရင် ပဲခူးမြို့နယ် ညောင်အင်း ကျေးရွာအုပ်စုမှာ တည်ရှိတာဖြစ်ပြီး စက်ရုံအနေနဲ့ အထည်ချုပ် လုပ်ငန်းတွေအတွက် ကုန်ကြမ်းတွေကို ပြည်ပကနေ ရာနှုန်းပြည့် တင်သွင်းဆောင်ရွက် ပေးနေတာပါ။ သို့ပေမယ့် လာမယ့်၂၀၂၄ခုနှစ်မှာတော့ စက်ရုံရဲ့ ကိုယ်ပိုင်ထုတ်လုပ်မှုနဲ့ ပြည်တွင်းမှာပင် ထုတ်လုပ်နိုင်ဖို့ကို ကြိုးပမ်းဆောင်ရွက် နေတာလို့ သိရပါတယ်။