ရန်ကုန် - ပြည်လမ်းမကြီးလမ်းပိုင်းအဆင့်မြှင့်တင်နေ
ရန်ကုန်-ပြည်လမ်းမကြီး လမ်းပိုင်းအဆင့် မြှင့်တင်နေမှုကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဦးဆောင်ပြီး လုပ်ဆောင်နေတာပါ။ ယင်းပြည်လမ်းကြီးကို ဒဂုံမြို့နယ်မှ မင်္ဂလာဒုံမြို့နယ်ထိ လမ်းပိုင်း၃ပိုင်းခွဲကာ အဆင့်မြှင်တင်တဲ့ စီမံကိန်းကို လုပ်ဆောင်ရာက အခုဆို၆၀ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ(လမ်း၊တံတား) ဌာနမှသိရပါတယ်။
အဲဒီစီမံကိန်းက ပြည်လမ်းမကြီးပေါ် လမ်းလယ်ကျွန်းများ အလှဆင်တာနဲ့ လမ်းမီးတိုင် အသစ်များ စိုက်ထူတဲ့ လုပ်ငန်းဖြစ်ပါတယ်။ အဆိုပါ လုပ်ငန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အပိုင်း၃ပိုင်းခွဲပြီး လုပ်ဆောင်နေသလို ရန်ကုန်လျှပ်စစ် ဓာတ်ပေးဝေရေး ကော်ပိုရေးရှင်းကလည်း လမ်းမီးတိုင်သစ် စိုက်ထူတာနဲ့ မီးလုံးတပ်ဆင်တာတွေကို ပူးပေါင်းလုပ်ဆောင် နေတယ်လို့ သိရပါတယ်။
အဆင့်မြှင့်တင်မှုကိုတော့ မင်္ဂလာဒုံလေဆိပ် လမ်းဆုံမှပါရမီမီးပွိုင့် လမ်းဆုံထိ လမ်းပိုင်းတစ်ပိုင်း၊ မရမ်းကုန်းမြို့နယ် ပါရမီမီးပွိုင့်ကနေ ကမာရွတ်မြို့နယ် လှည်းတန်း ခုံးကျော်တံတားထိ တစ်ပိုင်း၊ လှည်းတန်းမှ ဒဂုံမြို့နယ် မင်းရဲကျော်စွာလမ်းဆုံထိ လမ်းပိုင်း၃ပိုင်းခွဲ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
ယင်းစီမံကိန်းကို အခုဘဏ္ဍာနှစ်မေလမှာ စတင်လုပ်ဆောင် ခဲ့တာဖြစ်ပြီးတော့ ၆၀ရာခိုင်နှုန်းမျှ ပြီးစီးနေပေမယ့် စီမံကိန်းကုန်ကျမှု ပမာဏကိုတော့ ထည့်သွင်းပြောကြားတာ မရှိသေးပါဘူး။ လမ်းမီးတိုင်သစ် စိုက်ထူရာမှာတော့ မြေအောက်ကြိုး သွယ်တန်းတဲ့ လုပ်ငန်းဆောင်ရွက်ရမှာ ဖြစ်တာမို့ ၅၀ကေဗွီ ထရန်စဖော်မာ၇လုံး တပ်ဆင်သွားမှာ ဖြစ်သလို မီးတိုင်အသစ် ၃၆၇လုံး၊ မီးလုံးပေါငး ၇၃၄လုံး တပ်ဆင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။