ရန်ကုန် - ဒလ ပြေးဆွဲနေတဲ့ ချယ်ရီ သင်္ဘောစီးနင်းခ ဈေးတက်ပြန်
ရန်ကုန်ပန်းဆိုးတန်း- ဒလကူးတို့ဆိပ်ကမ်းကို နေ့စဉ်ခရီးသည် ၁၆၀၀၀ကျော် ဝန်ဆောင်မှုပေးနေတဲ့ ချယ်ရီသင်္ဘောစီးနင်းခနှုန်းကို ပြောင်းလဲကောက်ခံတော့မှာပါ။
သင်္ဘောစီးနင်းခ တစ်ဦးလျှင်၁၀၀ကျပ် ကောက်ခံရာမှ ၂၀၀ကျပ်အဖြစ် လာမယ့်ဩဂုတ်၁ရက်မှာ တိုးမြှင့်ကောက်ခံ သွားမည်ဖြစ်တယ်လို့ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဦးစီးဌာနထံမှ သိရပါတယ်။
လက်ရှိအချိန်ထိတော့ ခရီးသည်တစ်ဦးကို ၁၀၀ကျပ်၊ စက်ဘီးတစ်စီး၁၀၀ကျပ်၊ ဆိုက်ကားတစ်စီး၂၀၀ကျပ်နဲ့ မော်တော်ဆိုင်ကယ် တစ်စီး၈၀၀ကျပ် သတ်မှတ်ကောက်ခံနေတာပါ။
လာမယ့်လမှ စတင်ပြောင်းလဲကောက်ခံမယ့်နှုန်းက ခရီးသည်တစ်ဦး လက်မှတ်ခဈေးနှုန်းသာ တိုးမြှင့်တာဖြစ်ပြီး ကျန်ကုန်ခများကိုတော့ မူလအတိုင်းသာ ဆက်လက်ထားရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်ပန်းဆိုးတန်း- ဒလဆိပ်ကမ်းများကို နေ့စဉ်ချယ်ရီသင်္ဘော၃စင်းနဲ့ နံနက်၅နာရီခွဲမှ ည၉နာရီအထိ မိနစ်၂၀တစ်ကြိမ် အလှည့်ကျစီ အများပြည်သူကို အသွား/အပြန် အခေါက်ရေ၄၀ကျော် ပြေးဆွဲဝန်ဆောင်မှု ပေးနေတယ်လို့သိရပါတယ်။
ရန်ကုန်တောင်ပိုင်းခရိုင် ဒလ၊ တွံ့တေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်တွေရှိ ပြည်သူတွေနဲ့ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ပြည်သူများ စီးနင်းနေတာဖြစ်ပြီး ချယ်ရီသင်္ဘောသုံးစီးနဲ့ အလှည့်ကျ ပြေးဆွဲပေးနေတာပါ။