ရန်ကုန်မြို့တွင်း နေထိုင်သွားလာနေတဲ့ အမေရိကန် နိုင်ငံသားတွေ သတိထားဖို့ သံရုံး ထုတ်ပြန်
မြန်မာတစ်နိုင်ငံလုံးနှင့် အထူးသဖြင့် ရန်ကုန်တွင် နစကလုံခြုံရေးအဖွဲ့များအပေါ် တိုက်ခိုက်မှုများ အချိန်မရွေးနေရာမရွေး ဖြစ်ပွားနိုင်ကြောင်း အရပ်သားများအားလုံးကို သတိပေးထားတဲ့ လူမှုကွန်ရက်ပေါ်က အသိပေးမှုများကို သတိပြုမိထားလို့ အမေရိကန်နိုင်ငံသားများ သတိထားသွားလာ နေထိုင်ကြဖို့ ရန်ကုန်ရှိ အမေရိကန်သံရုံးမှ ထုတ်ပြန်ထားပါတယ်။
နိုင်ငံခြားသားများကို ခြိမ်းခြောက်မှု အတိအကျမရှိသော်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ လုံခြုံရေးတပ်ဖွဲ့များအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများအတွက် ကြိုတင်ပြင်ဆင်ထားရန် ပြင်းပြင်းထန်ထန် အကြံပြုထားကာ အရပ်သားများ အဆိုပါအဖွဲ့များနှင့် ဝေးဝေးနေရန် အကြံပြုထားတာကြောင့် အမေရိကန်နိုင်ငံသားများ အချိန်မှား၍ နေရာမှားရောက်နိုင်သည့် အခြေအနေအတွက် အဓိကစိုးရိမ်စရာဖြစ်ပြီး သတိထားရန် လိုအပ်တယ်လို့ သံရုံးမှ ထုတ်ပြန်ချက်တွင် ပြောဆိုထားပါတယ်။
ထို့အပြင် မခန့်မှန်းနိုင်တဲ့ အခြေအနေများကြောင့် ဆက်သွယ်ရေး ပြတ်တောက်မှုဖြစ်နိုင်ချေကို အားလုံးက ကြိုတင်ခန့်မှန်းထားသင့်ပြီး သက်ဆိုင်ရာအဖွဲ့များမှ lockdown ကြေငြာခြင်းသို့မဟုတ် မြို့အနှံ့သွားလာမှု အန္တရာယ်များလွန်းပါက ခုနစ်ရက်အတွင်း အစားအသောက်၊ ရေနှင့်ဆေးဝါးများ ရရှိရန် အကြံပြုထားကာ မိမိတို့ဒေသလုံခြုံရေး၊ ပတ်ဝန်းကျင်နှင့် ဆက်သွယ်ပြောဆိုနိုင်မှုဆိုင်ရာ အပြောင်းအလဲများကို အထူးအာရုံစိုက်ရန် အမြဲသတိရရန် လိုအပ်တယ်လို့လည်း သံရုံးမှ ထုတ်ပြန်ပြောဆို ထားပါတယ်။