ရေခဲတောင်ရှိတဲ့ပူတာအိုခရိုင်ကိုအဆင့်မြှင့်တင်မယ်
ဒေသဖွံ့ဖြိုးရေးအပြင် Eco tourism ခရီးသွားလုပ်ငန်းတွေကိုပါ အကျိုးပြုနိုင်ဖို့ ရေခဲတောင်ရှိတဲ့ ပူတာအိုခရိုင်ကို အဆင့်မြှင့်တင်သွားမယ်လို့ သိရပါတယ်။ အဆိုပါ ခရိုင်အဆင့်မြှင့်တင်တာကို အခု၂၀၂၂-၂၀၂၃ ဘဏ္ဏာနှစ်မှာ ဆောင်ရွက်သွားမှာဖြစ်ပြီး ပြည်နယ်ခွင့်ပြု ရန်ပုံငွေနဲ့ လုပ်ဆောင်သွားမှာလို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ သတင်းများအရ သိရပါတယ်။
ကနဦးအနေနဲ့ အဆင့်မြှင့်တင်ခြင်းကို လမ်းတံတားပြုပြင်တဲ့ စီမံကိန်းတွေကနေ စတင်မှာဖြစ်ပြီး နမ့်ပလန့်ချောင်း သံကူကွန်ကရစ်တံတား စီမံကိန်းလုပ်ငန်း၊ ရေခဲတောင်သွား လမ်းစီမံကိန်းလုပ်ငန်းနဲ့ ပူတာအိုလွင်ပြင်ပတ်လမ်း စီမံကိန်းတွေကို လုပ်ဆောင်မယ်လို့ ကချင်ပြည်နယ် အစိုးရအဖွဲ့က ဆိုထားတာပါ။
"လမ်းတံတားလုပ်ငန်း စီမံကိန်းတွေအနက် နမ့်ပလန့်ချောင်း သံကူကွန်ကရစ်တံတား စီမံကိန်းကို အခုဘဏ္ဏာနှစ်အတွင်း ပြည်နယ်ခွင့်ပြု ရန်ပုံငွေနဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်။ ပူတာအိုလွင်ပြင် ပတ်လမ်းကလည်း ပူတာအို-လယ်မယ်ဝါချီ -နမ်ရှယ်ကော့-မန်စေ- မန်စေခွန်လမ်းပေါ်ရှိ နမ့်ပလန့်ချောင်းကို ဖြတ်သန်းတည်ဆောက် သွားမှာပါ"လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အခုတည်ဆောက်မယ့် ပူတာအိုလွင်ပြင် ပတ်လမ်းဟာ လမ်းအရှည်၂၅မိုင် ရှိပါတယ်။ အဆိုပါလမ်းနဲ့ တံတားတွေ ဆောင်ရွက်ပြီးစီးခဲ့ရင် မြို့နယ်အတွင်းရှိ ကျေးရွာ၂၈ရွာက အိမ်ခြေ၂၀၅၆အိမ်နဲ့ လူဦးရေ၁၀၉၄၀တို့အတွက် ပညာရေးကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ ဒေသထွက်ကုန်များ တင်ပို့ရာမှာ များစွာအကျိုးပြုမှာ ဖြစ်ပါတယ်။
ဒီအပြင် အခုဘဏ္ဏာနှစ်အတွင်းမှာပင် အကောင်အထည် ဖော်ဆောင်ရွက်မယ့် ရေခဲတောင်သွားလမ်းဟာ အထက်ဆန်ဂေါင်- လုံနဒမ်း -ဇီယာဒမ်းလမ်းဖြစ်ပြီး အဆိုပါလမ်းအရှည်ဟာလည်း ၂၄မိုင်ဖြစ်ပါတယ်။ အဆိုပါလမ်းအပိုင်း ပြီးစီးခဲ့ရင်လည်း ကျေးရွာ၈ရွာက အိမ်ခြေ၃၈၂အိမ်နဲ့ လူဦးရေ၁၁၃၉ဦးကို အကျိုးပြုမယ့်အပြင် ရေခဲတောင်ခရီးစဉ်အဖြစ် Eco Tourism ခရီးသွားလုပ်ငန်းတွေအတွက်ပါ အရေးပါမယ့်လမ်း ဖြစ်လာမှာပါ။
ကချင်ပြည်နယ်ရှိ ပူတာအိုဒေသဟာ ရေခဲတောင်တန်းတွေကြောင့် နာမည်ကျော်ကြားတာမို့ အရင်ကပြည်တွင်း၊ ပြည်ပခရီးသွားတွေ၊ တောင်တက်အားကစားသမားတွေနဲ့ အပျော်တမ်းရေခဲတောင်တက် ဝါသနာရှင်တွေ ကျောင်းသား၊ ကျောင်းသူအဖွဲ့တွေ အများဆုံးလာရောက် လည်ပတ်လေ့ရှိတဲ့ ဒေသပါ။ သို့ပေမယ့် ရေခဲတောင်တက် ခရီးသွားလုပ်ငန်းတွေဟာ ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ ကျဆင်းသွားခဲ့တဲ့အပြင် ယခုကာလ ကိုဗစ်ကူးစက်မှုတွေ လျော့ကျသွားပေမယ့် ခရီးသွားဧည့်သည်ကတော့ လုံးဝမရှိသလောက်ပဲလို့ ခရီးသွားလုပ်ငန်းတွေဆီက သိရပါတယ်။