ဧရာဝတီလင်းပိုင်ဖြင့် ကွန်ပစ်ငါးဖမ်းသည့်ဓလေ့ကို သွားရောက်ကြည့်ရှုရန် ကြိုတင်ချိတ်ဆက်ထားသည့် ခရီးသည် ဦးရေ ၂၀၀ ကျော်ရှိ
ယခုလက်ရှိ ခရီးသွားရာသီကာလ မဟုတ်သော်လည်း မန္တလေးမြို့အပါအဝင် အခြားမြို့များမှ ခရီးသွားများ ဧရာဝတီလင်းပိုင်ဖြင့် ကွန်ပစ်ငါးဖမ်း သည့် ဓလေ့ကို သွားရောက်ကြည့်ရှုရန် ကြိုတင်ချိတ်ဆက်ထားသည့် ခရီးသည်ဦးရေ ၂၀၀ကျော်ရှိတယ်လို့ မန္တလေးတိုင်း ငါးလုပ်ငန်း ဦးစီးဌာနမှ သိရှိရပါတယ်။
မန္တလေး-ကျောက်မြောင်းကြား နေထိုင်ကျက်စားလျက်ရှိတဲ့ ဧရာဝတီလင်းပိုင်များကို ကြည့်ရှုလို၍ လည်းကောင်း လင်းပိုင်ဖြင့် ကွန်ပစ်ငါးဖမ်းတဲ့ ဓလေ့ကို ကြည့်ရှုလို၍လည်းကောင်း ယခုဩဂုတ်လအတွင်း ပြည်တွင်းခရီးသွားများက ချိတ်ဆက်ထားတာဖြစ်ပြီး၊ တစ်ဦးလျှင်ငွေကျပ် (၈၀၀၀)နှုန်းဖြင့် လိုက်လံပို့ဆောင် ပေးမယ်ဖြစ်တယ်လို့လည်း ငါးလုပ်ငန်းဦးစီးဌာန ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ခေါင်းဆောင်က နိုင်ငံပိုင်မီဒီယာနှင့် မေးမြန်းမှုတွင် ပြောဆိုထားပါတယ်။
ရှားပါးမျိုးစိတ်ဖြစ်တဲ့ ဧရာဝတီလင်းပိုင်တွေကို မျိုးတုန်းပျောက်ကွက်သွားခြင်း မရှိစေရန် ပြည်တွင်းမှာ အစဉ်တစိုက် ကြည့်ရှုထိန်းသိမ်းနေပြီး ယခုနှစ်တွင်လည်း အကောင်ရေ တိုးတက်လာတယ်လို့ ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့မှ ပြောဆိုထားပါတယ်။
ယခုလက်ရှိတွင် ဧရာဝတီလင်းပိုင်များဟာ မတ္တရာမြို့နယ် စိန်းပန်းကုန်းကျေးရွာအနီးနှင့် မင်းကွန်ဒေသအနီးတွင် နေထိုင်ကျက်စား နေတယ်လို့ လည်း မန္တလေးတိုင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရှိရပါတယ်။