> 首页 > MFN

ရေပေါ် အရုပ်ဆွဲ စီးပွားရေးပေါ်လစီ နှင့် ယိုင်နဲ့ပြိုလဲလာတဲ့ မြန်မာ့စီးပွားရေး

မြန်မာ့ဟာ နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကြောင့် အရှေ့တောင်အာရှဒေသရဲ့ နောက်ထပ်စီးပွားရေး ကျားတစ်ကောင်ဖြစ်လာမယ်လို့ ၂၀၁၅ခုနှစ်ဝန်းကျင်ခန့်က ဒေသတွင်းနိုင်ငံတွေနှင့် ကမ္ဘာ့နိုင်ငံများက ထင်ကြေးပေးခဲ့ကြပါတယ်။

ကိုဗစ်၁၉မတိုင်မီ (၂၀၁၈)ခုနှစ်နှင့် (၂၀၁၉)ခုနှစ် နှစ်ဆန်းပိုင်းကာလများ၌ မြန်မာ့စီးပွားရေးသည် အတန်သင့် ကောင်းမွန်နေသော်လည်း ကိုဗစ်၁၉ကြောင့် ဖွံ့ဖြိုးစဲနိုင်ငံဖြစ်လာနေတဲ့ မြန်မာနိုင်ငံအနေနဲ့ အခြားသော နိုင်ငံများနည်းတူ ထိခိုက်မှုများ ကြုံတွေ့ခဲ့ရကာ ထိုအချိန်က အစိုးရအနေနဲ့ ကိုဗစ်၁၉ကာလအတွင်း စီးပွားရေးဆိုင်ရာ ဖြေလျှော့မှုများအပြင် အထောက်အကူပြုမှုများနှင့် ကိုဗစ်၁၉အလွန် စီးပွားရေးပြန်လည် ထူထောင်ရေး အစီအမံများကြောင့် မြန်မာ့စီးပွားရေးမှာ အချိန်ကာလ အနည်းငယ်အတွင်း ပြန်လည်နာလန်ထူရန် အခွင့်အရေးကောင်းများ ရှိခဲ့ပါတယ်။

သို့ပေမယ့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်းမှစလို့ နိုင်ငံအခြေအနေအရပ်ရပ် ပြောင်းလဲလာတဲ့အပြင် လတ်တလော မြို့ပြ၊ ကျေးလက်မကျန် မတည်ငြိမ်မှုများကြောင့် ကိုဗစ်၁၉အလွန်ကာလမှာပင် စီးပွားရေးများ ပြန်လည်ထူထောင်ဖို့ အားခဲထားမှုများအပေါ် များစွာသက်ရောက်လာပြီး လက်ရှိဒေါ်လာဈေး ဂယက်နှင့် ပို့ကုန်သွင်းကုန်အပေါ်မှာ ရရှိတဲ့ နိုင်ငံခြားငွေကို ရာခိုင်နှုန်းနဲ့ သတ်မှတ်ပြီး လဲလှယ်စေတဲ့ ပေါ်လစီအသစ်ကြောင့်လည်း ပြည်ပမှ တင်သွင်းရတဲ့ ကုန်စည်များအပေါ် ထိခိုက်နစ်နာမှုတွေ ကြုံတွေ့လာရတယ်လို့ စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းက ဆိုပါတယ်။

ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက“ပို့ကုန်ရငွေတွေ အကုန်လုံးကို တစ်ဒေါ်လာ၁၈၅၀စျေးနဲ့ လဲပြီးသိမ်းနေရာကနေ အကုန်မသိမ်းတော့ဘဲ ၆၅ရာခိုင်နှုန်းပဲ လဲလှယ်သိမ်းဆည်းမယ်။ ကျန်တဲ့၃၅ရာခိုင်နှုန်းကို ဘာလုပ်လို့ရမှာလဲ၊ သွင်းကုန်သွင်းတဲ့သူတွေကို Account Transfer စာရင်းလွှဲပြောင်းရောင်းချခွင့် ပေးမှာလား၊ မပေးဘူးလား၊ မပါသေးဘူး။ စာရင်းပြောင်းရောင်းချခွင့် ပြုမယ်လို့တော့ ယူဆရပါတယ်။ ဒါမှသွင်းကုန်သမားတွေ အတွက်လည်း အသက်ရှုပေါက်ရမှာပေါ့။ နိုင်ငံခြားကနေ ဘာမှမသွင်းနဲ့လို့ တံခါးပိတ်နေလို့မှ မရတာ”လို့ သူ့အမြင်ကို ပြောပါတယ်။

ထို့အပြင် ဗဟိုဘဏ် ရည်ညွှန်းစျေးကို တစ်ဒေါ်လာ၁၈၅၀ကျပ်မှ ကျပ်၂၁၀၀လို့ တိုးမြှင့်သတ်မှတ်လိုက်ပြီး နောက် ပြင်ပတွင် ယခင်ပေါက်ဈေးဟာလည်း ယခင်ကျပ်၂၃၀၀၊ ၂၄၀၀ခန့်အထိ ဈေးပေါက်နေရာမှာ ကျပ်၂၆၀၀ကျော် (တချို့ဒေါ်လာ ကိုင်ထားသူများရဲ့ ဈေးကွက်၌ ၂၈၀၀ခန့်အထိ)၊ ၂၇၀၀အထိ ဈေးပေါက်နေတာကြောင့် ဒီနေ့ဖြစ်ပေါ်နေတဲ့ ပြင်ပစျေးကွက် ဒေါ်လာစျေးကို ဆက်တက်စေမှာလား၊ ပြန်ကျစေမှာလားဆိုတာ  စဉ်းစားစရာ စေဖြစ်လာပါတယ်။

သွင်းကုန်လုပ်ငန်းရှင် တစ်ဦးကလည်း“အခုကသွင်းကုန်သမားတွေ စထိနေတာဗျ၊ အခု၂၁၀၀ဈေးနှုန်းကြောင့် သွင်းကုန်တွေကို ပိုဈေးကြီးပေးဝယ်ရတော့မယ်။ အဲ့ဒီ၂၁၀၀ဈေးနဲ့စပြီး အသက်ဝင်တဲ့နေ့မှာပဲ စက်သုံးဆီ၉၂တစ်လီတာ ဈေးက၁၈၀၀အထက်ကို  ရောက်သွားပြီ။ စင်္ကာပူMOSP ဈေးနှုန်းထပ်မြင့်လာရင် ရန်ကုန်မှာ ဒီထက်မက ထက်တက်လာမယ်။ စားအုန်းဆီဈေးလည်း ဒီအတိုင်းပဲ ဖြစ်မှာပဲ။ စီးပွားကူးသန်းက အခြေခံလက်ကားဈေး ဒီတစ်ပတ်မှာ ၃၅၂၅ကျပ်လား သတ်မှတ်ပေးထားတယ်။ အပြင်မှာ ၈ထောင်ကျော် ၉ထောင်နီးပါးဖြစ်နေပြီ၊ ကျွန်တော်တို့ ဘယ်လို ရှေ့ဆက်ကြမလဲ”လို့ သူ့ရဲ့လက်ရှိ ကြုံတွေ့နေရမှုကို MFNသို့ ပြောပါတယ်။

ဗဟိုဘဏ်ရဲ့ ဒေါ်လာဈေးကို ပြည်ပပေါက်ဈေးနှင့် ကွာဟချက်ကို ထိန်းချုပ်ရန် ကျပ်၂၁၀၀သို့ ဈေးဆွဲတင်တဲ့ ထုတ်ပြန်ချက် ထုတ်ပြန်ပြီးနောက် ပြီးခဲ့တဲ့ရက်ပိုင်းကပဲ လုပ်ငန်းဆက်လက် လည်ပတ်ရန် အခက်အခဲရှိလာလို့ DICAမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ ပြည်တွင်းကုမ္ပဏီအချို့က တည်ဆဲဥပဒေတစ်ခုဖြစ်တဲ့ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေအရ စာရင်းရှင်းလင်း ဖျက်သိမ်းရေးဆိုင်ရာ အပြီးသတ် အထွေအထွေအစည်းအဝေး တက်ရောက်ရန် ရှယ်ယာရှင်များထံ အကြောင်းကြားစာများကို နိုင်ငံပိုင်မီဒီယာမှ ကြေညာထည့်သွင်း ထားတာတွေကိုလည်း တွေ့ရှိရပါတယ်။

လာမယ့်၆လအတွင်း အလုပ်အကိုင် အခွင့်အလမ်းများစွာပေါ်လာပြီး အလုပ်လုပ်သူတိုင်း ဝင်ငွေရလာမယ်၊ ဝယ်လိုအား တိုးတက်လာမယ်၊ ရောင်းကုန်ပစ္စည်းများ တိုးတက်လာတဲ့အတွက် တိုင်းပြည်ဝင်ငွေ ပိုမိုတိုးတက်လာမယ်၊ တိုင်းပြည်ရဲ့အားဟာ ပြည်တွင်းမှာသာရှိတယ်၊ တိုင်းပြည်အားနဲ့ တိုင်းပြည်တိုးတက်အောင် လုပ်ကြရပါမယ် အစရှိတဲ့ နစကဥက္ကဋ္ဌရဲ့ ပြောဆိုချက်ဟာ စကားအရနားထောင်လိုက်ရမယ့် လက်တွေ့အမှန်တကယ် ဖြစ်ရန်မှာ ပြည်တွင်းစီးပွားရေး လုပ်ငန်းများပြန်လည်၍ လုပ်သာကိုင်သာရှိ ဖို့လက်ရှိ ချမှတ်ထားသော အလုပ်မဖြစ်တဲ့ စီးပွားရေးဆိုင်ရာ မူဝါဒများကို အချိန်မီပြင်ဆင်ပေးရန်သာ လိုအပ်တယ်လို့ စီးပွားရေး သုတေသီတွေများနှင့် စီးပွားရေး လုပ်ငန်းရှင်များကြီးက သုံးသပ်ပြောဆို နေပါတယ်။

လက်လုပ်လက်စား ပြည်သူတစ်ဦးက“အခုကအပြင်မှာ ဘာဝယ်ဝယ် ဈေးတက်တာနေတာပဲ။ ဆေးတွေဆိုရင်လည်း ပုံမှန်သောက်နေကြဆေးတွေ ဘယ်မှာမှ ရှာမရတော့ဘူး။ သေနိုင်တဲ့ရောဂါ ရှိတဲ့သူတွေဆိုရင် ဆေးမရလို့ သေကြမှာပဲ။ အခုဆန် တစ်အိမ်ထောင် တစ်အိတ်နှုန်း ရောင်းပေးတယ်။ ကျေးဇူးတင်ပါတယ်။ သို့ပေမယ့် အဲ့ဒီရောင်းတဲ့နေရာအထိ သွားအပြန်စရိတ် ဟိုဘက်မှာတန်းစီဖို့ အချိန်ပေးရဦးမယ်၊ ဒါတွေလုပ်နေရရင် ကျွန်မတို့ နေ့စဉ်အလုပ်လုပ်ဖို့ အချိန်မရှိတော့ဘူး။ စားသုံးဆီ ပတ်ဝန်းကျင်မှာလည်း ပြောကြပါတယ်။ ၃၅၀၀နဲ့ ရောင်းပေးနေတယ်တဲ့ ကျွန်မတို့မြို့နယ်ဆီ မရောက်ဘူး။ အပြင်မှာပဲ ၈၅၀၀နဲ့ ဝယ်စားနေရတယ်။ ဒါတွေကို အောက်ခြေကို အမှန်မြင်ပြီး လုပ်ပေးကြဖို့ မျှော်လင့်ရုံပါပဲ။”လို့ပြောပါတယ်။

ဗဟိုဘဏ်ရဲ့ ငွေလဲနှုန်းသတ်မှတ်ချက်က ဒေါ်လာကို ပိုပြီးရှားပါးစေသလို ပို့ကုန်ယှဉ်ပြိုင်နိုင်အားကို ထိခိုက်စေပြီး တချိန်တည်းမှာ သွင်းကုန်တွေလည်း ပြတ်တောက်လာနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က သုံးသပ်ထားပါတယ်။

ယခုနောက်ဆုံး သတ်မှတ်ထားတဲ့ နိုင်ငံတကာဆင်းရဲမွဲတေမှု ဝင်ငွေသတ်မှတ်ချက်ကတော့ တစ်နေ့ကို ၃ဒေါ်လာနဲ့ဆင့်၂၀(၆၅၀၀ကျပ်ခန့်) ဖြစ်ကာ နေ့စဉ်ဝင်ငွေဟာ အဲဒီပမာဏထက် လျော့နည်းတဲ့သူကို ဆင်းရဲမွဲတေသူလို့ ကုလသမဂ္ဂက သတ်မှတ်ထားပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံရဲ့ အနိမ့်ဆုံးလစာ သတ်မှတ်ချက်ဟာ ကျပ်(၄၈၀၀)ဖြစ်ပြီး လွန်ခဲ့တဲ့ အစိုးရသက်တမ်းအတွင်းက သတ်မှတ်ချက်ဖြစ်ပြီး အနည်းဆုံးလုပ်ခ လစာဥပဒေအရ ၂နှစ်တစ်ခါ ပြောင်းလဲသတ်မှတ် ပေးရမှာဖြစ်ပေမယ့် အခုအချိန်အထိ မသတ်မှတ်ပေးနိုင်တာကြောင့် အခြေခံပြည်သူများရဲ့ ဝင်ငွေဟာ ကုလရဲ့ သတ်မှတ်ချက်အရဆိုလျင် ဆင်းရဲမွဲတေသူ အဆင့်အတွင်းမှာပဲ ရှိနေပါသေးတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: