ကြံစိုက်တောင်သူတွေကို စက်ရုံတွေက ကြိုတင်ငွေချေးပြီး ပြန်ဝယ်မယ်
သကြားထုတ်လုပ်တဲ့ စက်ရုံအသစ်တွေများပြားလာတာမို့ ကြံစိုက်ဧကကိုလည်း တိုးချဲ့စိုက်ပျိုးဖို့လိုလာပါတယ်။ အဲလိုတိုးချဲ့ စိုက်ပျိုးနိုင်ဖို့အတွက် သကြားထုတ်စက်ရုံတွေက ကြံစိုက်တောင်သူတွေကို ကြိုတင်ချေးငွေတွေ ထုတ်ချေးပေးသွားမယ်လို့ မြန်မာနိုင်ငံကြံ၊ သကြားလုပ်ငန်းရှင်များ အသင်းကသိရပါတယ်။ အခုနှစ်ဒီဇင်ဘာ ကြံရာသီကာလကစပြီး ကြံတစ်ဧကကိုငွေကျပ်၂သိန်းမှ ၃သိန်းအထိ ကြိုတင်ချေးငွေတွေ ထုတ်ချေးပေးဖို့ စီစဉ်ထားတာပါ။
"စစ်ကိုင်းတိုင်းဒေသကြီးမှာ သကြားစက်ရုံအသစ်တွေ တိုးချဲ့လာတာတွေရှိတဲ့အတွက် တောင်သူတွေအနေနဲ့ကြံစိုက်ဧက တိုးချဲ့ဖို့လိုလာပါတယ်။ ဒါကြောင့်မို့ သကြားစက်ရုံတွေကနေ ကြံစိုက်တောင်သူတွေကို ကြိုတင်ချေးငွေတွေ၊ မြေသြဇာတွေထုတ်ပေးဖို့ စီစဉ်လာတာပါ"လို့ မြန်မာနိုင်ငံကြံ၊ သကြားလုပ်ငန်းရှင်များ အသင်းတာဝန်ရှိသူက ဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ ကြံစိုက်တောင်သူပေါင်း ၃သိန်းကျော်အထက်မှာရှိပြီး နှစ်စဉ်ပျမ်းမျှကြံစိုက်ဧကပေါင်း ၄ဒသမ၅သိန်းကျော်လောက်ကို စိုက်ပျိုးနေတာပါ။ အဲဒီစိုက်ပျိုးမှုကနေ သကြားထုတ်လုပ်မှုဟာလည်း နှစ်စဉ်ပျမ်းမျှတန်ချိန်ပေါင်း၄သိန်းခွဲမှ ၅သိန်းကြားရှိပါတယ်။ အထူးသဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)နဲ့ စစ်ကိုင်းတိုင်းတွေမှာ အဓိကစိုက်ပျိုးနေတာပါ။ အခုတော့သကြားစက်ရုံသစ်တွေ ထပ်တိုးဖွင့်လှစ်လာတာကြောင့် ကြံလိုအပ်ချက် မြှင့်လာတော့မှာပါ။ ဒါကြောင့်အခု နှစ်ကြံရာသီဒီဇင်ဘာကနေ လာမယ့်၂၀၂၃ခုနှစ်ဧပြီလအထိ စက်ရုံအရောက် ကြံတစ်တန်ကို ငွေကျပ်၈၀၀၀၀နှုန်းနဲ့ ဝယ်ယူသွားမယ်လို့ မြန်မာနိုင်ငံကြံ၊ သကြားလုပ်ငန်းရှင်များအသင်းက သိရပါတယ်။